Connect with us

Europe

ပြင်သစ်နိုင်ငံက နယ်စပ်ထိန်းချုပ်မှု အရှိန်မြှင့်တင်ရေး ကြေညာ၊ ရှန်းဂန်းနယ်မြေ စစ်ဆေးမှုများ စေ့စပ်သေချာစွာလုပ်ဆောင်ရန် တိုက်တွန်း

စပိန်နိုင်ငံ La Jonquera မြူနီစီပယ်မှ အဝေးပြေးလမ်းမပေါ်ရှိ စပိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံကြား နယ်စပ်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ပြင်သစ်နိုင်ငံသည် အကြမ်းဖက်ခြိမ်းခြောက်မှု တိုက်ဖျက်ရန် နယ်စပ်ထိန်းချုပ်ရေးတပ်ဖွဲ့များ နှစ်ဆတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း သမ္မတ အီမန်နျူရယ် မက်ခရွန်က နိုဝင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ယခုလို လုံခြုံရေးနှစ်ဆတိုးမြှင့်လိုက်ခြင်းသည် မကြာသေးမီက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ခြိမ်းခြောက်မှုများ မြင့်မားလာသည့်အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်-စပိန် နယ်စပ်ရှိ Perthus ဂိတ်သို့ သွားရောက်စဉ် မက်ခရွန်က ပြောခဲ့ခြင်းဖြစ်သည်။

ဘယ်လ်ဂျီယံနိုင်ငံနှင့် ပြင်သစ်နိုင်ငံ နယ်စပ်ရှိ Wattrelos မြို့တွင် မော်တော်ယာဉ်များ စစ်ဆေးနေသည့် ပြင်သစ် ရဲအရာရှိများကို တွေ့ရစဉ် (ဆင်ဟွာ)

 ပြင်သစ်နိုင်ငံ Nice မြို့ရှိ Notre-Dame ဘုရားကျောင်း အပြင်ဘက်တွင် ဓားကိုင်တိုက်ခိုက်မှုကြောင့် အသက်သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်နေသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

“ရှန်းဂန်း နယ်မြေ (ဗီဇာမလိုဘဲ လွတ်လပ်စွာသွားလာနိုင်သည့်နယ်မြေ) တွင် စစ်ဆေးမှုများ စေ့စပ်သေချာစွာ လုပ်ဆောင်ပြီး ပိုမို ထိန်းချုပ်ဖို့အတွက် ကျွန်တော်တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ပြင်သစ်နိုင်ငံ တောင်ပိုင်း Nice မြို့ရှိ Notre-Dame ဘုရားကျောင်းတွင် ဓားကိုင်တိုက်ခိုက်မှုအတွင်း လူသုံးဦး သေဆုံးခဲ့သော အောက်တိုဘာ ၂၉ ရက်မှစ၍ နိုင်ငံပိုင်နက်တစ်လျှောက်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး သတိပေးအဆင့်ကို “တိုက်ခိုက်မှု အရေးပေါ်အခြေအနေ” အမြင့်ဆုံးအဆင့်ထိ တိုးမြှင့်ထားကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၆ ရက်က ပဲရစ်မြို့ ဆင်ခြေဖုံးတစ်ခုရှိ အလယ်တန်းကျောင်း အပြင်ဘက်တွင် ပြည်သူ့နီတိသင်ခန်းစာ သင်ကြားစဉ် ပရောဖက် မိုဟာမက်၏ ကာတွန်းပုံများကို တပည့်များအား ပြသခဲ့သော သမိုင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခြင်းခံခဲ့ရသည်။  (Xinhua)