Connect with us

Europe

အကြမ်းဖက်ဝါဒခြိမ်းခြောက်မှုများကို အားလုံးအတူ တုန့်ပြန်ဖြေရှင်းကြရန် ဥရောပအား ပြင်သစ်သမ္မတ တိုက်တွန်း

ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဩစတြီးယားနိုင်ငံ ဝန်ကြီးချုပ် စီဘတ်စ်တင်ခရုဇ်တို့အား နိုဝင်ဘာ ၁၀ရက်က ပြုလုပ်သည့် အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ဗွီဒီယို ကွန်ဖရင့်တွင် တွေ့ရစဉ် (European Union/Handout via Xinhua)

ပါရီ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဥရောပတိုက်၏ အကြမ်းဖက်တိုက်ဖျက်ရေးအခြေအနေနှင့်ရင်ဆိုင်ဖြေရှင်းရေးနည်းလမ်းများကို အဓိကထားဆွေးနွေးသည့် ဗွီဒီယိုကွန်ဖရင့်တစ်ခုကို ပြင်သစ် သမ္မတ မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့က နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဥရောပတွင် ကြုံတွေ့နေရသည့် အကြမ်းဖက်ဝါဒခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ရှင်ဂန်လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပြုပြင်ပြောင်းလဲရန်၊ အွန်လိုင်းအကြမ်းဖက်မှုအကြောင်းအရာများကို တိုက်ဖျက်ကြရန်၊ ဘာသာရေးအစွန်းရောက်များ စောင့်ကြည့်ထိန်းချုပ်မှုကို တိုးမြှင့်ကြရန် အစည်းအဝေးပါဝင်တက်ရောက်သူများက အဆိုပြုခဲ့ကြကြောင်း သိရသည်။

မက်ခရွန်သည် သမ္မတအိမ်တော်တွင် ပြင်သစ်နိုင်ငံသို့ရောက်ရှိလာသော ဩစတြီးယားဝန်ကြီးချုပ် စီဘတ်စ်တင်ခရုဇ် နှင့်အတူ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်၊ နယ်သာလန် ဝန်ကြီးချုပ် Mark Rutte ၊ ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ၊ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenတို့နှင့်အတူ ဗွီဒီယိုလင့်ခ်မှ တွေ့ဆုံဆွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်ဝါဒသည် ဥရောပတွင် လက်တွေ့ ကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း မက်ခရွန်က တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဥရောပအနေဖြင့် databasesပြုလုပ်ခြင်း၊ အချက်အလက်ဖလှယ်ခြင်းစသည်တို့အပါအဝင် လျင်မြန်မှုနှင့်ညှိနှိုင်းမှုတစ်ပြေးညီရှိသည့် ဖြေရှင်းရေးနည်းလမ်းတွေကို မဖြစ်မနေ ဆောင်ရွက်ရမည့် တစ်ချိန်တည်းတွင်ပင် ဥရောပတွင် လက်ရှိရှိနေသော အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများကို ဘက်စုံ တင်းကျပ်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဆိုသည်။

ဥရောပအနေဖြင့်  ရှင်ဂန်လူဝင်မှုကြီးကြပ်ရေးမူဝါဒ ကို ပြန်လည်စမ်းစစ် သုံးသပ်၍ လုံခြုံရေး အာမခံနိုင်ရန် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။ ဥရောပတိုက်အတွင်း လုံခြုံရေးကော်မတီဖွဲ့ရန် ထောက်ခံကြောင်း၊ ဥရောပနိုင်ငံအမြောက်အမြားတွင် ခိုလှုံခွင့်ကို ပရမ်းပတာ အသုံးပြုနေသည့် အခြေအနေများ ရှိကြောင်း ဆိုသည်။

အွန်လိုင်း၊အင်တာနက်နှင့် လူမှုကွန်ရက်မီဒီယာ၏ လွတ်လပ်မှုဟုဆိုသော်လည်း ထိုလွတ်လပ်မှုသည် လုံခြုံရေးပေါ်တွင် အခြေခံရမည်ဖြစ်ရာ အွန်လိုင်းပေါ်ရှိ အကြမ်းဖက်မှုအကြောင်းအရာများနှင့် အမုန်းတရားလှုံ့ဆော်သည့် ပြောဆိုရေးသားမှုများကို တိုက်ဖျက်ရမည် ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

ဩစတြီးယားဝန်ကြီးချုပ် စီဘတ်စ်တင်ခရုဇ်က ISအစွန်းရောက်အဖွဲ့တွင် ပါဝင်ခဲ့ဖူးသည့် ထောင်နှင့်ချီသော ဘာသာရေးအစွန်းရောက်များသည် ဥရောပတွင် ဆိုးဝါးသည့် အကြမ်းဖက်ဝါဒခြိမ်းခြောက်မှုဖြစ်စေကြောင်း ဆိုသည်။နိုင်ငံများနှင့် ဥရောပတိုက်တစ်ခုလုံးက အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုကို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းကြရန် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က သတင်းစာရှင်းလင်းပွဲတွင် ဗွီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။ ယခုကာလများတွက် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားနေခြင်းကြောင့် ဥရောပက ရှင်ဂန်လူဝင်မှုကြီးကြပ်ရေးမူဝါဒ ပြုပြင်ပြောင်းလဲရန် အရေးတကြီးလိုအပ်နေကြောင်း ၎င်းက ဆိုသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ပြည်ထဲရေးဝန်ကြီးများအစည်းအဝေးကို ယခုကာလအတွင်း ကျင်းပသွားမည်ဖြစ်ပြီး အကြမ်းဖက်နှိမ်နင်းတိုက်ဖျက်ရေး လုပ်ဆောင်ချက်များကို ပိုအားကောင်းစေရန် ပြန်လည်စိစစ် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michelက ပြောကြားခဲ့သည်။ ထို့အပြင် ဥရောပတိုက်က လိုအပ်မည်ဆိုပါက နိုင်ငံတကာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်၍ ဥရောပ၏ အကြမ်းဖက်တိုက်ဖျက်ရေး ဆုံးဖြတ်ချက်များကို ပြောကြားသွားမည်ဖြစ်ကြောင်း ဆိုသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117