Connect with us

Europe

ဗိုင်းရပ်စ်တိုက်ဖျက်ရေး အတူလက်တွဲဆောင်ရွက်ရင်း တရုတ်-အီတလီ ချစ်ကြည်ရေး ယခင်ထက် ပိုမိုခိုင်မာစေခဲ့

အီတလီနိုင်ငံ မီလန်မြို့ မြင်ကွင်းအား မတ် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရက်ဆဲလ် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၀,၀၀၀ ကျော်အထိ အမြင့်ဆုံးရောက်ရှိခဲ့ရာ ဥရောပတိုက်၌ ရောဂါကူးစက်မှုဒဏ်အဆိုးရွားဆုံးခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အီတလီနိုင်ငံအား လက်ကမ်းကူညီမှုများ လုပ်ဆောင်နေပြီဖြစ်သည်။ ယင်းမှာ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်အပြင်းအထန်ခံစားနေရချိန်တွင် အီတလီနိုင်ငံက စာနာထောက်ထားမှု ၊ ကူညီဖေးမမှုကို လုပ်ဆောင်ခဲ့ခြင်းအပေါ် တရုတ်နိုင်ငံက ပြန်လည် ကျေးဇူးတုံ့ပြန်ကူညီဆောင်ရွက်ခြင်းလည်းဖြစ်သည်။

လိုအပ်ချက်ကို ဖြည့်ဆည်းပေးသော သူငယ်ချင်းမိတ်ဆွေသည်သာ အမှန်တကယ်မိတ်ဆွေကောင်းမည်၏။ တရုတ်နိုင်ငံတွင် ကူးစက်ရောဂါဖြစ်ပွားခဲ့ပြီးနောက် အီတလီနိုင်ငံက စင်းလုံးငှားလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းအကူအညီများ ပေးပို့ခဲ့သည်။ အီတလီသမ္မတနန်းတော်၌လည်း အထူးဖျော်ဖြေပွဲတစ်ခုကျင်းပပြီး နိုင်ငံပိုင် RAI ရေဒီယို နှင့် ရုပ်မြင်သံကြားချန်နယ်များမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။

အီတလီနိုင်ငံ မီလန်မြို့ မြင်ကွင်းအား မတ် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းလုပ်ဆောင်ချက်များမှာ တရုတ်နိုင်ငံ ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆောင်ရွက်ချက်များအပေါ် အီတလီနိုင်ငံ၏ ထောက်ခံအားပေးမှုကို ဖော်ညွှန်းပြသသည့် စံနမူနာကောင်းများဖြစ်သလို နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ပြသခြင်းလည်းဖြစ်သည်။တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ နှင့်  အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Luigi Di Maio တို့ မတ် ၁၀ ရက်က ဖုန်းဆက်ဆွေးနွေးစဉ် ဝမ်ရိက တရုတ်ပြည်သူများအနေဖြင့် အီတလီနိုင်ငံ၏ အဖိုးတန်လွန်းသည့် ထောက်ခံအားပေးမှုကို မေ့ပစ်လိမ့်မည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကူးစက်ရောဂါသည် နယ်နိမိတ်အပိုင်းအခြားမရှိပေ။ ယခုအခါ နိုင်ငံများစွာကို ရိုက်ခတ်နေပြီဖြစ်သည်။ ဗိုင်းရပ်စ်ကြောင့် ပြည်သူ့ကျန်းမာရေးစိမ်ခေါ်မှုရင်ဆိုင်နေရသဖြင့် အီတလီနိုင်ငံသည် တစ်နိုင်ငံလုံးအား COVID-19 စောင့်ကြပ်ကြည့်ရှုမှုအောက်တွင် ထားရှိခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ များစွာလိုအပ်ချက်ရှိနေလင့်ကစား အခက်အခဲများရှိနေလင့်ကစား နှာခေါင်းစည်းအပါအဝင် ဆေးဘက်ဆိုင်ရာအကူအညီများကို အီတလီနိုင်ငံအားထောက်ပံ့ကူညီသွားရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဝမ်ရိက ရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်။ အီတလီနိုင်ငံ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဆေးဘက်ဆိုင်ရာအထောက်အပံ့များ နှင့် ကိရိယာများကို လျင်လျင်မြန်မြန်ပေးပို့သွားမည်ဖြစ်ကြောင်းလည်း ဝမ်က ဆိုသည်။

တစ်ချိန်တည်းမှာပင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်မှုတွင် တရုတ်နိုင်ငံအနေဖြင့် အောင်မြင်မှုအသီးအပွင့်များကို ရရှိနေပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ အတွေ့အကြုံများသည် အခြားနိုင်ငံများအတွက် အကူအညီဖြစ်စေမည်ဖြစ်သလို ကမာ္ဘတစ်ဝန်းရှိ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်သည်။အီတလီနိုင်ငံခြားရေးဝန်ကြီး Di Maio က အီတလီနိုင်ငံအစိုးရသည် ရောဂါအား အနီးကပ်သတိပြုစောင့်ကြည့်နေကြောင်းနှင့် ရောဂါပြန့်နှံ့မှု ကာကွယ်တားဆီးရန် ခိုင်ခိုင်မာမာဆောင်ရွက်သွားမည်ဖြစ်ပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများကို လေ့လာသင်ယူသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု တည်ဆောက်ရေး မျှော်မှန်းချက်အား လက်ကိုင်ထားရင်း တရုတ်-အီတလီ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အပြန်အလှန်ဆောင်ရွက်ခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့် ရောဂါဒဏ်အပြင်းအထန်ခံစားနေရသည့် တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံများသို့လည်း ဆေးဘက်ဆိုင်ရာ အကူအညီများကို ပေးပို့ခဲ့ပြီးဖြစ်သလို  အီရန် နှင့် အီရတ်နိုင်ငံများသို့လည်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များစေလွှတ်၍ အကြံဉာဏ်များပေးခြင်း နှင့် အတွေ့အကြုံများ ဝေမျှခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

COVID-19 ကူးစက်ရောဂါသည် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နိုင်သည့်ရောဂါတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး အဆိုပါ ကမာ္ဘလုံးဆိုင်ရာ စိန်ခေါ်မှုရောဂါဆိုးကို မည်သူမျှ ခုခံတားဆီးနိုင်ခြင်းမရှိသေးသလို ယင်းအတွက် ရောဂါတိုက်ဖျက်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှု နှင့် စည်းလုံးညီညွတ်မှုများ လိုအပ်သည်။ကမ္ဘာ့နိုင်ငံများအနေဖြင့် တရုတ် နှင့် အီတလီနိုင်ငံတို့ လုပ်ဆောင်ခဲ့သလိုမျိုးပင် ပူးပေါင်းလက်တွဲမှု နှင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်အားပေးမှုကို တိုးမြင့်ဆောင်ရွက်သွားရမည်ဖြစ်သည်။ အလားတူပင် အနာဂတ်တွင် အခြားသော ကမာ္ဘလုံးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာ၌ မျှော်လင့်ချက်မှာ နိုင်ငံများအကြား စည်းလုံးညီညွတ်စွာဖြင့် အတူတကွရပ်တည်ဆောင်ရွက်သွားရန်ပင် ဖြစ်တော့သည်။(Xinhua)