Connect with us

Europe

ဘရပ်ဆဲလ် ဘူတာကြီးတွင် ဖြစ်ပွားသော ပေါက်ကွဲမှု သည် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခု ဖြစ်ကြောင်း အစိုးရရှေ့နေပြောကြား

အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘရပ်ဆဲလ် ဘူတာကြီးအနီးတွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မြို့ ဘူတာကြီးတွင် ဇွန်လ ၂၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော အသေးစားပေါက်ကွဲမှု အား အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း ဘယ်လ်ဂျီယံ ပြည်ထောင်စု ရှေ့နေရုံး ၏ ပြောရေးဆိုခွင့်ရှိသူ က သတင်းထောက်များ သို့ ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ Eric Van Der Sypt က ဇွန်လ ၂၀ ရက် နှောင်းပိုင်းတွင် ဗုံးဖောက်ခွဲခဲ့သည့် အမျိုးသားတစ်ဦး အား စစ်သားများက ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အဆိုပါ အမျိုးသား အား အသက်ရှင်လျက် ဖမ်းဆီးနိုင်ခြင်း ရှိမရှိ ကိုမူ ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

ယင်းအမျိုးသား ၏ ကိုယ်ရေးအချက်အလက်များကိုလည်း သိရှိခြင်းမရှိသေးကြောင်း သိရသည်။

ပေါက်ကွဲအား နည်းပါးသည့် ဖောက်ခွဲရေး ပစ္စည်းများဖြင့် ဖောက်ခွဲခဲ့သည့်အတွက် ဒဏ်ရာရရှိသူ မရှိကြောင်း ပြောရေဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံလုံခြုံရေးဋ္ဌာန ၏ ဗုံးရှင်းလင်းရေးတပ်ဖွဲ့ သည် ဘူတာရုံ၏ ထွက်ပေါက်တစ်ခုတွင် ရှင်းလင်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းနှင့် အခြေအနေအား ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ အရေးပေါ်စင်တာ က ၎င်း၏ တွစ်တာအကောင့်တွင် ဒေသစံတော်ချိန် ၂၃း၂၀နာရီ ၌ ရေးသားခဲ့သည်။

ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ၂၁း၀၀နာရီ မတိုင်ခင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦး၏ ပြောကြားချက်အရ ဘူတာရုံ၏ ကြမ်းပြင်ပေါ်တွင် လဲနေသည့် အမျိုးသားတစ်ဦးအား တွေ့ရှိခဲ့ပြီး ၎င်း၏ အင်္ကျီအတွင်းမှ ဝါယာကြိုးများထွက်နေကြောင်း သိရှိရသည်။

ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ချားစ် မိုက်ကယ် နှင့် ပြည်ထဲရေးဝန်ကြီး ဂျန်ဂျမ်ဘွန်း တို့သည် ဘယ်လ်ဂျီယံနိုင်ငံ အရေးပေါ်စင်တာ မှ နေ၍ ယင်းပေါက်ကွဲမှု ဖြစ်စဉ်ကို အနီးကပ် စောင့်ကြည့်နေကြောင်း ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Frederic Cauderlier ကပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ (EU) ၏ မြို့တော်အဖြစ် ဘရပ်ဆဲလ်မြို့ သည် EU ၏ အဓိကကျသော နိုင်ငံရေးအဖွဲ့အစည်းများ ကို ကြိုဆိုဧည့်ခံလေ့ရှိကြောင်း သိရသည်။ သို့သော် ၂၀၁၆ခုနှစ် မတ်လ ၂၂ ရက်တွင် မြို့တော်၏ လေဆိပ်နှင့် ရထားပို့ဆောင်မှု စနစ်များတွင် အသေခံဗုံးမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၃၂ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပြီးနောက် မြို့တော်၏ လုံခြုံရေး သတိပေးချက် မြင့်တက်လာကြောင်း သိရသည်။

တိုက်ခိုက်မှုအများစု ကို IS စစ်သွေးကြွအုပ်စု မှ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.