Connect with us

Europe

ယူကရိန်းနိုင်ငံတွင် အဆိပ်သင့်မှုကြောင့် ကလေးငယ် ၅၀ဦးကျော် ဆေးရုံတင်ခဲ့ရ

ယူကရိန်းနိုင်ငံရှိ အရေးပေါ်လူနာတင်ကားတစ်စီးအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိဗ်၊ မေ ၉ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အလယ်ပိုင်း Cherkassy မြို့တွင် အဆိပ်သင့်မှုဟု ယူဆရသော ဖြစ်စဉ်ကြောင့် အနည်းဆုံး ကလေးငယ် ၅၁ဦး နှင့် ဆရာ ၂ဦး ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံတော် အရေးပေါ်ကိစ္စရပ်များဌာန က မေ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ ဆေးရုံသို့ ရောက်ရှိလာသူများသည် အော့အန်ခြင်း၊ မူးဝေခြင်း နှင့် ခေါင်းကိုက်ခြင်း စသည့် လက္ခဏာများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့သည် လူပေါင်း ၄၀၀ကျော်စုဝေးခဲ့သော ကျောင်းစုံညီပွဲတော်တစ်ခုသို့ လာရောက်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။ အသက် ၇နှစ်မှ ၁၅နှစ် အရွယ်ရှိ ကလေး ၁၅ဦးသည် စုဝေးပွဲအတွင်း သတိလစ်သွားခဲ့ကြောင်း သိရသည်။

ကလေး ၁၁ဦးအား အထူးကြပ်မတ်ဆောင်တွင် ကုသပေးထားပြီး အခြားသူများအား ဆေးရုံတင်ထားကာ အခြေအနေကောင်းမွန်ကြောင်း သိရသည်။

ဒေသခံအာဏာပိုင်များက အဆိပ်သင့်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းရန် အထူးကော်မရှင်တစ်ခု ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ ဝန်ကြီးချုပ် Volodymyr Groysman နှင့် ယာယီကျန်းမာရေးဝန်ကြီး Uliana Suprun တို့သည် အခင်းဖြစ်ပွားရာ Cherkassy မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)