Connect with us

Europe

ရုရှားကိုယ်ပျောက်ရေငုပ်သင်္ဘော ပင်လယ်နက်တွင်လေ့ကျင့်မောင်းနှင်

ရုရှားနိုင်ငံ၏ ဒီဇယ်-လျှပ်စစ် စွမ်းအင်သုံး Novorossiysk ရေငုပ်သင်္ဘောအား တပ်တော်ဝင်အခမ်းအနား၌ တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၏ project 636.3 ဒီဇယ်-လျှပ်စစ် စွမ်းအင်သုံး ကိုယ်ပျောက်ရေငုပ်သင်္ဘော Novorossiysk သည် ပင်လယ်နက်တွင် လေ့ကျင့်မောင်းနှင်ရေး ပြုလုပ်ခဲ့ကြောင်း TASS သတင်းအေဂျင်စီက နိုဝင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

ပင်လယ်နက်ရေငုပ်သင်္ဘောအုပ်စု၏ project 636.3 သည် ကမာ္ဘပေါ်တွင် အငြိမ်သက်ဆုံး နှင့် ထောက်လှမ်းရန် အခက်ခဲဆုံး ရေငုပ်သင်္ဘောအမျိုးအစား ဖြစ်ရာ ၎င်းအား နောက်ဆုံးပေါ်ရေငုပ်သင်္ဘော ဖျက်ဆီးမှု ထောက်လှမ်းရေး စနစ်များပင် ကြားဖြတ်ထောက်လှမ်းနိုင်စွမ်း မရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

၎င်းရေငုပ်သင်္ဘောသည် တစ်နာရီ ၃၇ ကီလိုမီတာ (၂၀ knots) ထိ မြန်နှုန်းမြင့် မောင်းနှင်နိုင်ကြောင်း ၊ တစ်ဆက်တည်း ၄၅ ရက်ကြာ ရေငုပ်နိုင်စွမ်း ရှိကြောင်း နှင့် ပင်လယ်ရေအောက်အနက် ၃၀၀ မီတာကျော် အထိ ဆင်းသက်နိုင်ကြောင်း သိရသည်။ ထို့ပြင် Novorossiysk ရေငုပ်သင်္ဘောထဲတွင် Kalibr ခရုဒ်ဒုံးကျည်များ နှင့် ၅၃၃ မီလီမီတာ တော်ပီဒို ဒုံးကျည်များ ၊ နောက်ဆုံးပေါ် ရေဒါစနစ် ၊ ဆက်သွယ်ရေးစနစ်များ နှင့် ရေအောက်အသံလှိုင်းဖမ်းစနစ်များ တပ်ဆင်ထားကြောင်း သိရသည်။

၎င်းသင်္ဘောပေါ်တွင် သင်္ဘောသား ၅၂ဉီး လိုက်ပါနိုင်ပြီး အလေးချိန်မှာ တန် ၄,၀၀၀ ထိ ရှိသည်။Novorossiysk ရေငုပ်သင်္ဘောသည်၂၀၁၄ ခုနှစ်တွင် တပ်တော်ဝင်ခဲ့ကြောင်း ၊ ယခုနှစ် ဇူလိုင်လတွင် အကြီးစား ပြင်ဆင်မွမ်းမံမှု ပြုလုပ်ပြီး ဇူလိုင်လ၂၈ ရက်က ပြုလုပ်သော ရေတပ်စစ်ရေးပြအခမ်းအနားတွင် ပါဝင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက  ဆိုသည်။(Xinhua)