Connect with us

Europe

ရုရှား နိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် က ကမ္ဘာ့ ပြေးခုန်ပစ် အဖွဲ့ချုပ် ထံသို့ ဒဏ်ကြေးငွေ ပေးအပ်

၂၀၁၉ ခုနှစ် တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ကမ္ဘာ့ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲ တွင် ရုရှား နိုင်ငံ အားကစားသမား တစ်ဦး ပါဝင် ယှဉ်ပြိုင်နေသည် ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် က သြဂုတ် ၁၂ ရက် ၌ ကမ္ဘာ့ပြေးခုန်ပစ် အဖွဲ့ချုပ် ထံသို့ ဒဏ်ကြေးငွေ အမေရိကန် ဒေါ်လာ ၆.၃၁ သန်း ပေးအပ် ခဲ့ပြီးထုတ်ပယ်ခံရခြင်း မှ ယာယီ တားဆီး နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ တွင် ကမ္ဘာ့ ပြေးခုန်ပစ် အဖွဲ့ချုပ် ၏ ယခင်ချိန် က အဖွဲ့အစည်း ဖြစ်သော နိုင်ငံတကာ ပြေးခုန်ပစ် အဖွဲ့ချုပ် အနေဖြင့် ရုရှား နိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် အား ပြိုင်ပွဲပါဝင် ယှဉ်ပြိုင်ခွင့် အပေါ် အလုံးစုံ ပိတ်ပင် တားဆီးမှု ပြုလုပ်ခဲ့သည်။

အကြောင်းပြချက်မှာ ကမ္ဘာ့  တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ ၏ စည်းမျဉ်းစည်းကမ်းကို ရုရှား နိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် အနေဖြင့် ချိုးဖောက်ခဲ့ကြောင်း ၊  အကျိုးဆက်အနေဖြင့် နိုင်ငံတကာ ပြေးခုန်ပစ် အဖွဲ့ချုပ် က ရုရှား နိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် အပေါ် တားမြစ်ခြင်း အကြိမ်ကြိမ် ပြုလုပ်ပြီး ၂၀၁၆ ခုနှစ် အိုလံပစ် ပြိုင်ပွဲတွင် ရုရှားအား ပါဝင်ယှဉ်ပြိုင်ခွင့် မပြုခဲ့ကြောင်း ၊ ထို့နောက် အချို့ သတ်မှတ်ချက် နှင့် ကိုက်ညီသည့် ရုရှား နိုင်ငံ အားကစား သမား များကို နိုင်ငံတကာ ပြေးခုန်ပစ် အဖွဲ့ချုပ် က ယှဉ်ပြိုင်ခွင့် ပြန်လည်ပေးအပ် ခဲ့ပြီး အလွတ်တန်း အားကစား သမား ပုံစံ ဖြင့် ပြိုင်ပွဲ တွင် ပါဝင် ယှဉ်ပြိုင်ခွင့် ပြုခဲ့ကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ်  မတ်လ တွင် ကမ္ဘာ့ပြေးခုန်ပစ် အဖွဲ့ချုပ် က ရုရှား နိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် အား ဒဏ်ကြေးငွေ အမေရိကန် ဒေါ်လာ ၁၀ သန်း ချမှတ်ခဲ့ပြီး ယခု နှစ် ဇူလိုင် ၁ ရက် မတိုင်မီ ဒဏ်ကြေးငွေ အမေရိကန် ဒေါ်လာ ၅ သန်း ပေးချေရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု နှင့် ဥပဒေ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ အတွက် အမေရိကန် ဒေါ်လာ ၁.၃၁ သန်း ပေးချေရန် ဖြစ်ကြောင်း သိရသည်။ ကျန်ရှိသော ဒဏ်ကြေးငွေများကို လာမည့် ၂ နှစ် အတွင်း ပေးချေသွားရန် ချမှတ် ခဲ့သည်။ ကမ္ဘာ့ပြေးခုန်ပစ် အဖွဲ့ချုပ် က ဇူလိုင် ၃၀ ရက် မှ သြဂုတ် ၁၅ မတိုင်မီရုရှား နိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် အနေဖြင့် ဒဏ်ကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၆.၁၃ သန်း ပေးချေခြင်း မရှိပါက ရုရှား နိုင်ငံ ပြေးခုန်ပစ်အဖွဲ့ကို ထုတ်ပယ်သွား မည်ဖြစ်ကြောင်း နှင့် ရုရှား နိုင်ငံ မှ အားကစား သမားများသည်လည်း အလွတ်တန်း သဘောမျိုးဖြင့် ပြိုင်ပွဲပါဝင် ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ကြောင်း ကြေညာ ခဲ့သည်။

ရုရှား နိုင်ငံ အားကစားဝန်ကြီးဌာန ဝန်ကြီး က ကမ္ဘာ့ပြေးခုန်ပစ် အဖွဲ့ချုပ် အား ဒဏ်ကြေးငွေ ကို သြဂုတ် လလယ်ပိုင်း မတိုင်မီ ပေးအပ်မည် ဖြစ်ကြောင်း အာမခံချက် ပေးအပ် ခဲ့ပြီး သြဂုတ် ၁၂ ရက် ၌ ရုရှား နိုင်ငံ အားကစားဝန်ကြီးဌာန က ရုရှား ပြေးခုန်ပစ် အဖွဲ့ချုပ် အား ငွေကြေး တစ်ရပ် ပေးအပ် ခဲ့ကာ ကမ္ဘာ့ ပြေးခုံပစ် အဖွဲ့ချုပ် ကလည်း ဒဏ်ကြေးငွေ လက်ခံရရှိကြောင်း အတည်ပြု ခဲ့သည်။ ထို့ပြင် ကမ္ဘာ့ပြေးခုန်ပစ် အဖွဲ့ချုပ် က ရုရှား နိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် အား သြဂုတ် ၃၁ ရက် မတိုင်မီ တားမြစ်ဆေးတိုက်ဖျက်ရေး အစီအစဉ် အပါအဝင် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်မည့် အစီရင်ခံစာ အား တင်သွင်းစေခဲ့ကြောင်း သိရှိရသည်။  (Xinhua)