Connect with us

Europe

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ညီငယ်ဆုံး အသက် ၇၁ နှစ်အရွယ်တွင် ကွယ်လွန်

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အား အိမ်ဖြူတော်၌ တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ ညီငယ်ဆုံး ဖြစ်သူ ရောဘတ်ထရမ့်(Robert Trump) သည် ဩဂုတ် ၁၅ ရက် ညပိုင်းက ကွယ်လွန်သွားကြောင်း နှင့် ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်အရွယ်ရှိကြောင်း သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့သည်။

“ သိပ်ကို ထိခိုက်ကြေကွဲခံစားရပါတယ် ၊ ကျွန်တော်ရဲ့ ချစ်ရတဲ့ ညီငယ်ဆုံး ရောဘတ်ဟာ အခုညမှာပဲ ကွယ်လွန်သွားပါပြီး” ဟု ထရမ့်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“ သူဟာ ကျွန်တော့်အတွက် ညီတစ်ယောက်သာမက အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ်ပါတယ် ၊ သူ့ကို သတိရနေကြမှာပါ ၊ ဒါပေမယ့် ကျွန်တော်တို့ဟာ ပြန်တွေ့ကြအုံးမှာပေါ့လေ ” ဟု ထရမ့်က ဆိုသည်။ “ သူ့ကို သတိရခြင်းတွေက ရင်ထဲမှာ အမြဲကိန်းဝပ်နေမှာပါ ။ ရောဘတ် ရေ မင်းကို ငါချစ်တယ် ။ ငြိမ်းချမ်းစွာ လဲလျောင်းပါတော့ ညီငယ်” ဟု ဖြည့်စွက်ဖော်ပြထားသည်။

သမ္မတထရမ့်သည် ညီဖြစ်သူ အသဲအသန်နာမကျန်းဖြစ်နေကြောင်း ပြောကြားလာပြီးနောက်တွင် ပြီးခဲ့သော ဩဂုတ် ၁၄ ရက်က ညီဖြစ်သူ တက်ရောက်ဆေးကုသမှုခံယူနေသည့် နယူးယောက်မြို့ရှိ ဆေးရုံတစ်ခုသို့သွားရောက်တွေ့ဆုံခဲ့သည်။ သို့သော် မည်သည့်ရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်သည်ကို အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိပေ။

၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အိမ်ခြံမြေသူဌေးကြီး ဖရက်ထရမ့်(Fred Trump) ၏ သားသမီး ၅ ဦးအနက်  အငယ်ဆုံးဖြစ်သူ ရောဘတ်ထရမ့်သည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အဖြစ် မန်ဟက်တန်ရပ်ကွက်ပြင်ပတွင် ထရမ့်၏ အိမ်ခြံမြေစီးပွားရေးလုပ်ငန်းစုကြီးအား ကာလရှည်ကြာ ဦးစီးဦးဆောင် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။ 

၎င်းသည် ထရမ့် မိသားစုတွင် စကားနည်းသူတစ်ဦးဖြစ်သလို ပေါ့ပေါ့ပါးပါးဖြင့် ဘဝကို ဖြတ်သန်းခဲ့သူတစ်ဦးဖြစ်သည်။ သူသည် ဖခင်၏ စည်းမျဉ်းစည်းကမ်းအတိုင်း ပြုမူနေထိုင်ခဲ့ပြီး အစ်ကိုဖြစ်သူသည် အမေရိကန်သမ္မတဖြစ်နေသည့်တိုင် အများပြည်သူကြားတွင် လူသိမခံဘဲ ခပ်လျှိုလျှို နေထိုင်တတ်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။ သမ္မတထရမ့်သည် ၂၀၁၆ ခုနှစ်က သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ချိန်တွင် ညီငယ်ဖြစ်သူထံမှ အစဉ်တစိုက် ခိုင်မာသည့် ထောက်ခံမှု အားပေးမှုတစ်ခု ရရှိခဲ့ကြောင်း သိရသည်။(Xinhua)