Connect with us

Europe

ရော်နယ်ဒို မပါဝင်သော်လည်း ယူရို ၂ဝ၁၆ တွင် ပေါ်တူဂီဗိုလ်စွဲ

Euro2016 ဆုဖလားနှင့်အတူ ပေါ်တူဂီအသင်းအားတွေ့ရစဉ် (ဆင်ဟွာ)

စိန့်ဒန်းနစ် ၊ ပြင်သစ် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဇူလိုင်လ ၁ဝ ရက်တွင် ကျင်းပသည့် ယူရို ၂ဝ၁၆ ဗိုလ်လုပွဲ၌ ပေါ်တူဂီ အသင်းသည် ၎င်းတို့၏ အဓိက တိုက်စစ်မှူး ရော်နယ်ဒို ပွဲချိန်ပြည့် ပါဝင်ကစားနိုင်ခြင်း မရှိသော်လည်း အိမ်ရှင် ပြင်သစ်အသင်းအား အချိန်ပို သွင်းဂိုး တစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ပေါ်တူဂီ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၁ဝ၉ မိနစ်တွင် ဂျေမောက်တင်ဟို ပေးပို့သော ဘောလုံးကို လူစားဝင်လာသည့် ရှေ့တန်းတိုက်စစ်မှူး Eder က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယူရို ၂ဝ၁၆ ဗိုလ်လုပွဲစဉ်တွင် ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုသည် ပွဲချိန် ခုနှစ်မိနစ်တွင် ပြင်သစ်ကွင်းလယ်လူ Dimitri Payet ၏ ကြမ်းတမ်းစွာ ဖျက်ထုတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သည်။ ရော်နယ်ဒိုသည် ၎င်းဒဏ်ရာကြောင့် ဆက်လက် ကစားနိုင်ခြင်း မရှိတော့သဖြင့် ပွဲချိန် ၂၅ မိနစ်တွင် ပေါ်တူဂီကွင်းလယ်လူ ရီကာဒို နှင့် လူစားလဲခဲ့ရသည်။
ယင်းနောက်တွင် အိမ်ရှင်ဖက်မှ ဘောလုံး ပိုင်ဆိုင်မှုအသာဖြင့် ပြိုင်ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ပြင်သစ်ကွင်းလယ် ကစားသမား ဆစ်ဆိုကို၏ ထိုးဖောက်မှုများသည် ပေါ်တူဂီ အသင်းကို ကြိမ်ဖန်များစွာ ခြိမ်းခြောက်နိုင်ခဲ့သည်။ ထို့ပြင် ယူရို ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၆ ဂိုးဖြင့် ရွှေဖိနပ်ဆု ရခဲ့သည့် ပြင်သစ် တိုက်စစ်မှူး Griezmann သည် ပေါ်တူဂီ နောက်တန်းကို ကြီးကြီးမားမား ခြိမ်းခြောက်မှုများလည်း အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲစဉ်၌ အိမ်ရှင်ပြင်သစ် အသင်းသည် ဘောလုံးပိုင်ဆိုင်မှု ၅၆ ရာခိုင်နှုန်းဖြင့် ပြိုင်ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့် ၇ ကြိမ်တိတိ ရရှိခဲ့ကြောင်းသိရသည်။ ၎င်းပြိုင်ပွဲတွင် ပေါ်တူဂီအသင်းမှ အဝါကဒ် ၆ ကြိမ် နှင့် ပြင်သစ်အသင်းမှ အဝါကဒ် ၄ ကြိမ် အသီးသီး သတိပေးခံခဲ့ရသည်။
အဆိုပါ ပြိုင်ပွဲသည် နိုင်ငံတကာ အဓိက ပြိုင်ပွဲများ၌ ပေါ်တူဂီနှင့် ပြင်သစ် အသင်းတို့အကြား လေးကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပြီး ၊ ပထမသုံးကြိမ် စလုံးတွင် ပြင်သစ်အသင်းက အနိုင်ရထားသည်။ ၎င်းပွဲစဉ်များ မှာ ယူရို ၁၉၈၄ ၊ ယူရို ၂ဝဝဝ နှင့် ကမ္ဘာ့ဖလား ၂ဝဝ၆ ပြိုင်ပွဲအသီးသီး၏ အကြို ဗိုလ်လုပွဲစဉ်များ ဖြစ်ကြောင်းသိရသည်။
ယူရို ၂ဝ၁၆ ဗိုလ်လုပွဲတွင် ပေါ်တူဂီ အသင်းသည် ခံစစ်အသားပေးပြီး အိမ်ရှင်အသင်းအား ရင်ဆိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ပေါ်တူဂီ အသင်းသည် ယူရို ၂ဝ၁၆ ပြိုင်ပွဲ၌ ၇ ပွဲကစားခဲ့ရာတွင် ၆ ပွဲမှာ မိနစ် ၉ဝ အချိန်ပြည့် အထိ သရေဖြစ်ခဲ့ရပြီး ဗိုလ်လုပွဲမှာလည်း အချိန်ပို ကစားပြီးမှ အနိုင်ရသော တတိယမြောက် ပွဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.