Connect with us

Europe

အီရတ်နိုင်ငံအားကျူးကျော်ခဲ့ခြင်းမှာ တရားမဝင်ကြောင်း ဗြိတိန်ဒုဝန်ကြီးချုပ်ဟောင်းပြော

ဗြိတိသျှဒုတိယဝန်ကြီးချုပ် John Prescott အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လန်ဒန် ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ)

၂ဝဝ၃ ခုနှစ်က အီရတ်နိုင်ငံအားကျူးကျော်တိုက်ခိုက်ခဲ့သည့် ဗြိတိန်အစိုးရ၏ ဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ တရားမဝင်ကြောင်း ဗြိတိန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်(ဟောင်း) John Prescott က ဇူလိုင် ၁ဝ ရက်တွင် ဆောင်းပါး ရေးသားဝေဖန်လိုက်သည်။

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့သည် ၂ဝဝ၃ ခုနှစ်တွင် အီရတ်နိုင်ငံအား စတင် ဝင်ရောက် တိုက်ခိုက်ခိုက်ခဲ့ကြောင်း ၊ ထိုစဉ်က ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သူ တိုနီဘလဲသည် အီရတ်စစ်ပွဲတွင် ပါဝင်ရန် အမေရိကန်နှင့် ပူးပေါင်းပါဝင်ခဲ့ကြောင်းကို ယင်းကာလများတွင် ဗြိတိန်ဒုတိယဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ John က Sunday Mirror သတင်းစာတွင် ရေးသားထားသည်။
သို့သော် ယခုအခါ စစ်ပွဲ၏ တရားဝင်မှုအပိုင်းနှင့်ပတ်သက်ပြီး ၎င်း၏ သဘောထား အမြင်များပြောင်းလဲသွားပြီးဖြစ်ကြောင်း Prescott က ဆက်ပြောသည်။ “ခေါင်းဆောင်အပြောင်းအလဲတွက် ပြုလုပ်ခဲ့တဲ့ အီရတ်စစ်ပွဲဟာ တရားမဝင်ဘူးလို့ ၂ဝဝ၄ ခုနှစ်တုန်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန် ပြောခဲ့ဖူးတယ် ။ အရမ်းဝမ်းနည်းစရာ ဒေါသထွက်စရာကောင်းပါတယ်။ အခုတော့ ကိုဖီအာနန် ပြောတာမှန်တဲ့အကြောင်း ကျနော်လက်ခံသွားပါပြီ” ဟု Prescott ကဆိုသည်။
“ အီရတ်စစ်ပွဲထဲမှာ ဗြိတိသျှစစ်သားပေါင်းများစွာ အသက်ပေးလှူခဲ့ရတယ်။ ဆက်ဒန်ဟူစိန်အစိုးရကို ဖယ်ရှားဖို့ကြိုးစားရင်းနဲ့အပြစ်မဲ့ ပြည်သူ ၁၇၅,ဝဝဝ လောက် အသက်စတေးလိုက်ရတယ်”ဟု ဆောင်းပါးတွင် ရေးသားထားသည်။
အီရတ်ကျူးကျော်စစ်ပွဲ မစတင်မီ ၈ လအလိုတွင် ဗြိတိန်ဝန်ကြီးချုပ်တိုနီဘလဲက အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်ထံ “ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားဘက်မှာ ကျနော်ရှိနေမယ်” ဟု စာရေးသားပေးပို့ခဲ့ကြောင်း Prescott က ဆိုသည်။ ထို့ပြင် “ ဗြိတိန်ရှေ့နေချုပ် Lord Smith က အစိုးရအဖွဲ့ဆီလာပြီး အီရတ်စစ်ပွဲဟာ တရားမျှတတယ်ဆိုပြီး ပြောတယ်။ဒါပေမယ့် ဘာစာရွက်စာတမ်းမှပါမလာဘူး ”ဟု ၎င်းက ဆက်ပြောသည်။
Sir John Chilcot က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ခုနှစ်ကြာပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှုအပြီးတွင် တိုနီဘလဲအစိုးရအဖွဲ့က စွပ်စွဲပြောဆိုနေသည့် ဖျက်အားပြင်းလက်နက်များ ကိစ္စ အကြောင်းပြချက်မှာ တရားမျှတမရှိသော အကြောင်းပြချက်သာဖြစ်ကြောင်း အဆုံးသတ်ခဲ့ရသည်။
ယခုရက်သတ္တပတ်အတွင်း အီရတ်စစ်ပွဲနှင့်ပတ်သက်၍ တိုနီဘလဲက “ ဝမ်းနည်းတယ်။ နောင်တရတယ်။ တောင်းပန်ပါတယ်” ဟုပြောဆိုခဲ့သော်လည်း စစ်ပွဲမှာ မှန်ကန်ကြောင်း ခုခံပြောကြားခဲ့သည်။
သို့သော် အီရတ်စစ်ပွဲတွင် ပါဝင်ခဲ့သည့် ၆ နှစ်တာကာလအတွင်း ဗြိတိန်စစ်သား ၁၇၉ ဦးအပါအဝင် ထောင်ပေါင်းများစွာသော အီရတ်ပြည်သူများသေဆုံခဲ့ရမှုနှင့်ပတ်သက်၍ ဘလဲအစိုးရသည် ရာဇဝတ်မှုကျူးလွန်သူများအဖြစ် တရားဥပဒေ၏အဆုံးအဖြတ်ကို ခံယူရန် ဗြိတိန်ပြည်သူ အများစုက လိုလားနေကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.