Connect with us

Europe

လန်ဒန်မီးလောင်မှုတွင် ပျောက်ဆုံးနေသူ ၅၈ ဦးရှိ

လန်ဒန်မီးလောင်မှုတွင် ပျောက်ဆုံးနေသော မိသားစုဝင်များအတွက် လွမ်းသူ့ ပန်းခွေချ ဆုတောင်းနေသူများအားတွေ့ ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ Grenfell တာဝါမီးလောင်မှုတွင် ပျောက်ဆုံးနေသူ စုစုပေါင်း ၅၈ ဦးရှိကြောင်း လန်ဒန်ရဲတပ်ဖွဲ့မှူးက ဇွန်လ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

၎င်းတို့အနက် ၃ဝ ဦးမှာ သေဆုံးကြောင်း အတည်ပြုထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူး Stuart Cundy က ဆိုသည်။“ ၅၈ ဦးဆိုတဲ့ အရေအတွက်က အပြောင်းအလဲဖြစ်နိုင်ပါတယ်။ ထပ်မတိုးလာဖို့မျှော်လင့်ပါတယ်။ ဒါပေမယ့် ထပ်တိုးနိုင်ပါသေးတယ် ” ဟု ၎င်းက ဆိုသည်။ဘီဘီစီသတင်းဌာန၏ ဖော်ပြချက်အရ သေဆုံးသူဦးရေမှာ ၇ဝ ဦးနီးပါးရှိကြောင်း သိရသည်။

လန်ဒန်မြို့အနောက်ပိုင်းရှိ Grenfell တာဝါကို ၁၉၇၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့ပြီး ကြိမ်ဖန်များစွာ ပြုပြင်မှုများပြုလုပ်ခဲ့ကြောင်း ၊ အဆောက်အအုံထဲတွင် အိမ်ခန်းပေါင်း ၁၂ဝ ပါဝင်ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံသည် ပြီးခဲ့သော ဇွန်လ ၁၄ ရက်က ညလုံးပေါင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေက အခင်းဖြစ်မိသားစုဝင်များအတွက် ထောက်ပံ့ကူညီမှုမှာ ကနဦးနာရီများတွင် ကောင်းမွန်လုံလောက်ခြင်းမရှိခဲ့ကြောင်း ဝန်ခံထားသည်။ “ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် မြေပြင်မှာ ကြုံတွေ့နေရတဲ့ အကူအညီလိုအပ်တဲ့ မိသားစုဝင်တွေကို ထောက်ပံ့ဖို့နဲ့ အခြေခံအချက်အလက်တွေအရ အခင်းဖြစ်ချိန်ရဲ့ ကနဦးနာရီးပိုင်းတွေမှာ အကူအညီပေးမှုဟာ ကောင်းမွန်လုံလောက်မှု မရှိခဲ့ပါဘူး” ဟု ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်အိမ်တော်မှ ထုတ်ပြန်သည့် မီးလောင်ကျွမ်းမှုနှင့်ပတ်သက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“ ကျွန်မ အနေနဲ့စိတ်နှလုံးထိခိုက်ကြေကွဲရပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေနဲ့သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အလျင်အမြန်ထောက်ပံ့ကူညီသွားဖို့အမိန့်ပေးထားပါတယ် ” ဝန်ကြီးချုပ်မေ က ဆိုသည်။(Xinhua)