Connect with us

Europe

အမေရိကန်-ရုရှား လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲ ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ကျင်းပ

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ Palais Niederösterreich အဆောက်အဦအား တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာတွင် ဩဂုတ် ၁၇ ရက်က လက်နက် ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲ အသစ်တစ်ဖန် ကျင်းပခဲ့ရာ New START မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ် သက်တမ်းတိုးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန် လက်နက်ထိန်းချုပ်ရေး အထူးကိုယ်စားလှယ် Marshall Billingsleaနှင့် ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergei Ryabkovတို့ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ကြောင်း APA သတင်းများအရ သိရသည်။ အဆိုပါဆွေးနွေးပွဲသည် ဩဂုတ် ၁၈ ရက် ညပိုင်းတွင် ပြီးဆုံးမည်ဟု သိရသည်။၂၀၁၀ ခုနှစ်က အမေရိကန်-ရုရှား နှစ်နိုင်ငံအကြား ချုပ်ဆိုခဲ့သည် New START မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ်သည် ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

အဆိုပါစာချုပ်သည် အမေရိကန်-ရုရှား နှစ်နိုင်ငံ ၏နျူကလီးယားထိပ်ဖူးနှင့်တိုက်ချင်းပစ် ဒုန်းကျည်ဖြန့်ကျက်ထားမှုမှု အရေအတွက်ကို ထိန်းချုပ်ရန် ရည်ရွယ်ကြောင်း သိရသည်။ အမေရိကန်-ရုရှား တာလတ်ပစ် နျူကလီးယား သဘောတူညီချက်(INF)မှ ၂၀၁၉ ခုနှစ်တွင် အမေရိကန် နုတ်ထွက်သွားပြီးနောက်ပိုင်း New START မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး သဘောတူညီချက်သည် နှစ်နိုင်ငံအကြားတွင် တည်ရှိသည့် တစ်ခုတည်းသော လက်နက်ထိန်းချုပ်ရေး စာချုပ်ဖြစ်လာသည်။ ရုရှားအနေဖြင့် အခြားအကြိုညှိနှိုင်းကန့်သတ်ချက်မပါဘဲ ယင်းစာချုပ်ကို သက်တမ်းတိုးရန် ဆန္ဒရှိကြောင်း ကြိမ်ဖန်များစွာ ပြောကြားခဲ့သော်လည်း အမေရိကန်ဘက်က တုန့်ပြန်မှုသည် အေးစက်စက်နိုင်ခဲ့သည်။

New START သဘောတူညီမှု စာချုပ် သက်တမ်းတိုးရေး ဆွေးနွေးမှုကို အမေရိကန်-ရုရှား နှစ်နိုင်ငံ ကိုယ်စားလှယ်များက ယခုနှစ် ဇွန်လ ၂၂ ရက်က ဗီယင်နာမြို့၌ ကျင်းပခဲ့ပြီး မဟာဗျူဟာ ဆွေးနွေးမှုကို ဇူလိုင် လကုန်ပိုင်းတွင် ကျင်းပခဲ့ရာ  တွေ့ဆုံဆွေးနွေးမှုရလဒ်သည် အကန့်အသတ်ရှိကြောင်း သိရသည်။  (Xinhua)