Connect with us

Europe

ဘောလ်တစ်ပင်လယ်နှင့် ပင်လယ်နက်အပေါ် ပျံသန်းနေသော အမေရိကန်နှင့် ဗြိတိန် လေယာဉ်များကို ရုရှားနိုင်ငံ ဂျက်လေယာဉ်များက ကြားဖြတ်ဟန့်တား

ရုရှားနိုင်ငံ Kubinka မြို့တွင် ပြုလုပ်သည့် လေကြောင်းပြပွဲတစ်ခု၌ ရုရှားလေတပ် လေကြောင်းသရုပ်ပြအဖွဲ့မှ Su-27 တိုက်လေယာဉ်များ အလှပြပျံသန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံမှ တိုက်ခိုက်ရေးဂျက်လေယာဉ်များသည် ဘောလ်တစ်ပင်လယ်နှင့် ပင်လယ်နက်အပေါ်သို့ ပျံသန်းလားသည့် အမေရိကန် ကင်းထောက်လေယာဉ် သုံးစင်းနှင့် ဗြိတိန် ကင်းထောက်လေယာဉ် တစ်စင်းကို ဩဂုတ် ၁၇ ရက်က ကြားဖြတ်ဟန့်တားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။

ရုရှား လေကြောင်းထိန်းချုပ်ရေးစနစ်များက ဘောလ်တစ်ပင်လယ် ရေပိုင်နက်အတွင်း လေကြောင်းပစ်မှတ်တစ်ခု ချဉ်းကပ်လာသည်ကို ဖမ်းယူရရှိခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အသံလွှင့်လုပ်ငန်းဖြစ်သော Zvezda က၏ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ရုရှားနိုင်ငံ၏ Su-27SM တိုက်လေယာဉ် မှူးက လေကြောင်းပစ်မှတ်တစ်ခုအား ချဉ်းကပ်ခဲ့ပြီး စိတ်ချရသော အကွာအဝေး၌ အမေရိကန် လေတပ်၏ RC-135 မဟာဗျူဟာမြောက် ကင်းထောက်လေယာဉ်တစ်စင်းဖြစ်သည်ကို အတည်ပြုခဲ့ကြောင်း Zvezda ၌ ဖော်ပြထားသည်။

ထို့ပြင် Su-27 တိုက်လေယာဉ်သည် ဩဂုတ် ၁၇ ရက်၌ပင် ပင်လယ်နက်၏ ကြားနေရေပိုင်နက်အပေါ်သို့ ချဉ်းကပ်ဝင်ရောက်လာသော အမေရိကန်လေတပ် RC-135 လေယာဉ်တစ်စင်း၊ အမေရိကန် ရေတပ် P-8A Poseidon ကင်းလှည့်လေယာဉ်တစ်စင်းနှင့် ဗြိတိန် လေတပ် R1 ကင်းထောက်လေယာဉ်တစ်စင်းတို့ကိုလည်း ကြားဖြတ်ဟန့်တားခဲ့ကြောင်း သိရသည်။

လွန်ခဲ့သောသီတင်းပတ်ကလည်း ရုရှားတိုက်လေယာဉ်များသည် လားရာမျိုးစုံမှ ရုရှားနယ်စပ်သို့ ချဉ်းကပ်ဝင်ရောက်လာသည့် အမေရိကန် ကင်းထောက်လေယာဉ်များကို အကြိမ်ကြိမ် ကြားဖြတ်ဟန့်တားခဲ့ရသေးကြောင်း သိရသည်။  (Xinhua)