Connect with us

Europe

အိုလံပစ်က ဘရာဇီးအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးခြင်းအား ယူဆောင်ပေးခဲ့

အိုလံပစ် အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယို ဒီဂျနေးရိုး၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

အိုလံပစ် အားကစားပွဲများသည် ငြိမ်းချမ်းခြင်းနှင့် စည်းလုံးခြင်းတို့မှ တဆင့် ဘရာဇီးနိုင်ငံအတွက် လမ်းကြောင်း သစ် ယူဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ရီယို ၂၀၁၆ ဖွင့်ပွဲ အခမ်းအနား၌ အားကစားပွဲတော် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ကာလို့စ် နက်ဇ်မန်းက သြဂုတ်လ ၅ ရက်၌ ပြောကြား ခဲ့သည်။

ရီယို ၂၀၁၆ ဖွင့်ပွဲ အခမ်းအနားကို ဘရာဇီးနိုင်ငံ မြို့တော် ရီယို ဒီဂျနေးရိုး မြို့လယ်ရှိ မာရာကာနာ အားကစားရုံ ၌ သြဂုတ်လ ၅ ရက် ဒေသစံတော်ချိန် ည ၈း၀၀ နာရီ အချိန်၌ ပြုလုပ်ခဲ့သည်။အိုလံပစ် အားကစားပွဲဖွင့်ပွဲ အခမ်းအနား၌ နက်ဇ်မန်းက အိုလံပစ် အားမာန်က တိုင်းပြည်၏ စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာရပ်များ အား အဖြေရှာရာတွင် အကူအညီ ဖြစ်စေနိုင်မည် ဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

အိုလံပစ် အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

“ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ခဲ့ပါပြီ၊ ကမ္ဘာပေါ်ရှိ အကောင်းဆုံး နေရာ တစ်ခုဖြစ်တဲ့ ရီယိုနဲ့ ဘရာဇီးက ကမ္ဘာကို လက်ကမ်း ကြိုဆိုနေပါပြီ၊ နိုင်ငံ အတွက်၊ မြို့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်၊ စေတနာ့ ဝန်ထမ်းများ အားလုံးကိုလဲ ကျေးဇူးတင်ပါ တယ်” ဟု နက်ဇ်မန်းက ဆိုသည်။

အိုလံပစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တရုတ်နိုင်ငံမှ အားကစား အသင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ယခုနှစ် အိုလံပစ် အားကစားပွဲသည် တောင်အမေရိက၌ ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ပြီး အိုလံပစ် ပွဲတော် ဖြစ်မြောက်ရန်အတွက် ၇ နှစ်ခန့် အချိန်ယူ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ သောမတ်စ် ဘတ်ချ်ကလည်း အိုလံပစ် အားကစားပွဲများသည် ဘရာဇီး မှ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့မည် ဖြစ်ကြောင်း၊ ယခုပွဲတော်ကို ဘရာဇီး သမိုင်းကြောင်း၌ အခက်ခဲဆုံးအချိန်တွင် စီစဉ်ခဲ့ရခြင်း ဖြစ်ကြောင်းနှင့် အိုလံပစ် ဒုက္ခသည် အားကစား အသင်းကို အထူး ဂုဏ်ပြုလိုကြောင်း ပြောကြားခဲ့ သည်။

ရီယို ၂၀၁၆ အိုလံပစ် ပွဲတော်သို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၀၀ ကျော်မှ အားကစားသမားပေါင်း ၁၀,၀၀၀ ကျော်တို့က ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် ဒုက္ခသည်များ အားကစားအဖွဲ့ တစ်ဖွဲ့လည်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ ထို အားကစား အဖွဲ့တွင် ဆီးရီးယားနိုင်ငံမှ ရေကူး အားကစားသမား နှစ်ဦး၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ဂျူဒို အားကစားသမား နှစ်ဦး၊ အီသီယိုးပီးယား နိုင်ငံမှ မာရသွန် အပြေးသမား တစ်ဦးနှင့် ဆူဒန်နိုင်ငံ တောင်ပိုင်းမှ တာလတ် အပြေးသမား ငါးဦးတို့ ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)