Connect with us

Europe

ရိုမေးနီးယားနိုင်ငံ၌ COVID-19 ရောဂါ အထူးကြပ်မတ်ကုသဆောင် မီးလောင်မှုကြောင့် သေဆုံးသူ ၁၀ ဦးထိ မြင့်တက်

ရိုမေးနီးယားနိုင်ငံမြောက်ပိုင်းရှိ ဆေးရုံတစ်ခု၌ COVID-19 ရောဂါအထူးကြပ်မတ်ကုသဆောင်မီးလောင်ပျက်စီးနေသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘူခါရက် ၊နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Piatra Neamt မြို့ရှိ ဆေးရုံတစ်ခု၏ COVID-19 ရောဂါ အထူးကြပ်မတ်ကုသဆောင်(ICU) ၌ နိုဝင်ဘာ ၁၄ ရက် နှောင်းပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၀ ဦးအထိ မြင့်တက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

“ မီးလောင်မှုကြောင့် ကိုဗစ်လူနာ ၁၀ ဦးသေဆုံးသွားပါတယ် ၊ အခြား ၇ ဦးကတော့ စိုးရိမ်စရာအခြေအနေမှာ ရှိနေပါတယ် ၊ အဲဒီထဲမှာ တာဝန်ကျ ဆရာဝန်တစ်ဦးလည်း ပါပါတယ်” ဟု ဒေသတွင်းအရေးပေါ်အခြေအနေ စုံစမ်းစစ်ဆေးရေးဌာန ပြောရေးဆိုခွင့်ရှိသူ Irina Popa က မီးငြိမ်းသွားပြီးနောက် ပြည်တွင်းသတင်းဌာနများအား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် COVID-19 ရောဂါ အထူးကြပ်မတ်ကုသခန်း နှစ်ခုအတွင်း ကိုဗစ်လူနာ ၁၆ ဦး ရှိနေကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။ အသက်မသေဆုံးဘဲ ကယ်တင်နိုင်ခဲ့သော လူနာ ၆ ဦးကို အနီးအနား Iasi မြို့ရှိ ဆေးရုံ နှစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ တစ်ချိန်တည်းမှာပင် ရိုမေးနီးယားကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Nelu Tataru သည် မီးလောင်မှုအခြေအနေကို သိရှိနိုင်ရန် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်နေကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရခြင်း အသေးစိတ်အကြောင်းအရာကို မသိရှိရသေးကြောင်း နှင့် လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရခြင်း ဖြစ်နိုင်ကြောင်း ဆေးရုံဘက် က ပြောကြားထားသည်။ သို့သော်လည်း ယင်းမီးလောင်မှုသည် အထူးကြပ်မတ်ကုသဆောင်(ICU) အတွင်းရှိ အသက်ရှူ အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်နိုင်ဖွယ်ရှိကြောင်း အချို့ကျွမ်းကျင်သူများက သံသယရှိနေသည်။(Xinhua)