Connect with us

Europe

နာကာဒေသ တိုက်ခိုက်မှုကြောင့် သေဆုံးသူပေါင်း ၄ ထောင်ကျော်ရှိကြောင်း ရုရှားနိုင်ငံသမ္မတ ပူတင် ပြောကြား

ရုရှား နိုင်ငံသမ္မတ ဗလာဒီမာ ပူတင် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

နာကော်နို-ကာရာဘတ် (Nagorno-Karabakh) (နာကာ) ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် အရပ်သားများအပါအဝင် လူပေါင်း ၄ ထောင်ကျော်သေဆုံးခဲ့ပြီး ၈ ထောင်ကျော်ဒဏ်ရာရရှိခဲ့ကာ လူပေါင်း သောင်းနှင့်ချီ၍ စစ်ဘေးဒုက္ခဖြစ်ခဲ့ရကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် က နိုဝင်ဘာ ၁၃ ရက်၌ ပြောကြားခဲ့သည်။

ကရင်မလင်နန်းတော် ၏ ထုတ်ပြန်ကြေညာချက်အရ ရုရှားနိုင်ငံသမ္မတ ပူတင် သည် နိုဝင်ဘာ ၁၃ ရက်၌ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး နှင့် နိုင်ငံခြားရေးဝန်ကြီးတို့နှင့်တွေ့ဆုံခဲ့ပြီး နာကာဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာ နှင့်ပတ်သက်၍ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း ၊ ရုရှားနိုင်ငံသမ္မတ ပူတင် က နိုဝင်ဘာ ၉ ရက်တွင် ချုပ်ဆိုခဲ့သည့် နာကာဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ် က သွေးထွက်သံယိုမှုကို ရပ်ဆိုင်းနိုင်ခဲ့ပြီး အခြေအနေကို တည်ငြိမ်မှုရရှိစေခဲ့ကြောင်း ၊ လက်ရှိချိန်တွင် အရေးကြီးသည့်ကိစ္စရပ် က နာကာဒေသ ရှိ စစ်ဘေးဒုက္ခခံရသည့် အရပ်သားများ ပုံမှန်ပြန်လည်နေထိုင်သွားလာနိုင်ရန် ကူညီရမည်ဖြစ်ကြောင်း ၊ အနာဂတ်တွင် နာကာဒေသ အခြေအနေ အား ပြောကြားရာတွင် “တိုက်ပွဲ” ဟူသည့်စကားလုံး ကို ပြန်လည်အသုံးမပြုလိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

ရုရှားနိုင်ငံ ၊ အဇာဘိုင်ဂျန်နိုင်ငံ နှင့် အာမေးနီးယားနိုင်ငံ ခေါင်းဆောင်တို့က နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာချက်တစ်ရပ်၌ လက်မှတ်ရေးထိုးခဲ့ကြပြီး နာကာဒေသအား နိုဝင်ဘာ ၁၀ ရက် မော်စကိုဒေသစံတော်ချိန် သုညနာရီ မှစ၍ အပစ်အခတ်လုံးဝရပ်စဲကြောင်း သဘောတူညီခဲ့ကြသည်။

နာကာဒေသသည် အဇာဘိုင်ဂျန် နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင်တည်ရှိပြီး အာမေနီယန်လူမျိုး အများစုနေထိုင်သည့် ဒေသဖြစ်ကြောင်း ၊ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲ ခဲ့ပြီးနောက်တွင် အဇာဘိုင်ဂျန် နိုင်ငံ နှင့် အာမေးနီးယားနိုင်ငံ တို့က နာကာဒေသတွင် နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တိုက်ပွဲများဖြစ်ပွားခဲ့ကြကြောင်း ၊ ၁၉၉၄ ခုနှစ်တွင် နှစ်နိုင်ငံက ဘက်စုံအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်ချုပ်ဆိုခဲ့သော်လည်း နှစ်နိုင်ငံအနေဖြင့် နာကာဒေသ ပြဿနာ နှင့် ပတ်သက်၍ ရန်သူအခြေအနေတွင် တည်ရှိနေပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ၊ ယခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် နှစ်နိုင်ငံအနေဖြင့် နာကာဒေသ ပြဿနာ နှင့်ပတ်သက်၍ တိုက်ပွဲသစ်တစ်ရပ်ထပ်မံဖြစ်ပွား ခဲ့ပြီး အောက်တိုဘာလတွင် သက်ဆိုင်ရာနိုင်ငံများ ၏ ဖျန်ဖြေမှုအောက်တွင် နှစ်နိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ် ၃ ကြိမ်ချုပ်ဆိုခဲ့ကြောင်း ၊ သို့သော်နှစ်နိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့သော်လည်း တစ်ဖက်နိုင်ငံ က သဘောတူညီမှုကိုချိုးဖောက်သည်ဟု အပြန်အလှန်ဝေဖန်ကာ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)