Connect with us

International Organizations

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း အကြီးအကဲအသစ်အဖြစ် အီသီယိုးပီးယားမှ အဒမ်နွမ်အား ရွေးချယ်

WHO ၏ ညွှန်ကြားရေးချုပ်သစ်အဖြစ် ခန့်အပ်ခံထားရသော တက်ဒရို အဒမ်နွမ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မေ ၂၄ ရက် (ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း အသက် ၅၂ နှစ်အရွယ် တက်ဒရို အဒမ်နွမ် (Tedros Adhanom) အား ကုလသမဂ္ဂ ကျန်းမာရေးလုပ်ငန်း တစ်ခုဖြစ်သော ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) ၏ ညွှန်ကြားရေးမှူးချုပ်သစ်အဖြစ် မေလ ၂၃ ရက်က ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရသည်။

အဒမ်နွမ်အား ဂျီနီဗာတွင် ပြုလုပ်နေသည့် ၇၀ ကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေး ညီလာခံ (WHA) ၌ ရွေးချယ်တင်မြှောက်လိုက်ခြင်း ဖြစ်ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလကတည်းက တာဝန်ထမ်းဆောင်ခဲ့သော မာဂရက်ချန်း၏ နေရာ၌ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

အဒမ်နွမ်သည် အီသီယိုးပီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးအဖြစ် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့ပြင် ၎င်းသည် အေအိုင်ဒီအက်စ်၊ တီဘီ၊ ငှက်ဖျား တိုက်ဖျက်ရေးများအတွက် ကမ္ဘာ့ ရန်ပုံငွေ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ၊ The Roll Back Malaria Partnership Board အဖွဲ့ ဥက္ကဋ္ဌနှင့် မိခင်၊ မွေးကင်းစကလေးနှင့် ကလေးသူငယ် ကျန်းမာရေးအတွက် မိတ်ဖက် လုပ်ဆောင်ရေး ဘုတ်အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

အဒမ်နွမ်သည် ဇူလိုင်လ ၁ ရက်တွင် WHO ညွှန်ကြားရေးမှူးချုပ်အသစ်အဖြစ် စတင် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ကမ္ဘာ့ ကျန်းမာရေး ညီလာခံ (WHA) သည် WHO ၏ အဓိက ဆုံးဖြတ်ချက်များကို ချမှတ်သည့် ညီလာခံလည်း ဖြစ်သည်။

ယခုနှစ် ညီလာခံအား မေလ ၃၁ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ဆေးဝါးများနှင့် ကျန်းမာရေး ထုတ်ကုန်များ၊ မကူးစက်နိုင်သော ရောဂါများ၊ ကျန်းမာရေး အရေးပေါ်အခြေအနေများ၊ မိခင်၊ မွေးကင်းစကလေးများ၊ ကလေးသူငယ်များနှင့် ဆယ်ကျော်သက် ကျန်းမာရေး စသည့် ကျန်းမာရေး ကိစ္စများနှင့် သက်ဆိုင်သည့် မူဝါဒများကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.