Connect with us

International Organizations

တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာ့ စားနပ်ရိက္ခာ ဖူလုံရေး အတွက် ဆက်လက် ထိန်းသိမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ တွင် အစည်းအဝေး ကျင်းပ ပြုလုပ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ မတ် ၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၄၃ ကြိမ်မြောက် အစည်းအဝေး နှင့် စားနပ်ရိက္ခာ အခွင့်အရေး ပြဿနာ ဆိုင်ရာ အထူး အစီရင်ခံသူ ဆွေးနွေးပွဲ ကို မတ်လ ၄ ရက် တွင် ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာ မြို့ ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး  အစည်းအဝေး တွင် တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် က တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေး ဆိုင်ရာ စီမံအုပ်ချုပ်မှု တွင် တက်ကြွစွာပါဝင် သွားမည် ဖြစ်ပြီး ကုလသမဂ္ဂ ၏ ၂၀၃၀ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ကို လက်တွေ့ အကောင်အထည် ဖော်သွားကာ ကမ္ဘာ့ စားနပ်ရိက္ခာ လုံခြုံရေး နှင့် အတူတကွ ဖွံ့ဖြိုးတိုးရေး တို့ အတွက် တက်ကြွစွာ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် က ကမ္ဘာ့ စားနပ်ရိက္ခာ ဖွဲ့စည်းပုံ သည် တန်းတူညီမျှမှု မရှိဘဲ ဖွံ့ဖြိုးဆဲ နိုင်ငံ နှင့် အားနည်းသည့် အသိုက်အဝန်း များ အတွက် အဓိက ထိခိုက်မှု ဖြစ်ပွား စေခဲ့ကြောင်း ၊ ဖွံ့ဖြိုးပြီး နိုင်ငံ နှင့် ကုလသမဂ္ဂ သက်ဆိုင်ရာ အဖွဲ့အစည်း တို့ က ဖွံ့ဖြိုးဆဲ နိုင်ငံများ စားနပ်ရိက္ခာ ထုတ်လုပ်မှု စွမ်းရည် မြှင့်တင်ပေးခြင်း လုပ်ငန်း အား လက်တွေ့ ကူညီထောက်ပံ့ပေးသွားပြီး တန်းတူညီမျှ သည့် စားနပ်ရိက္ခာ အခွင့်အရေး ကို ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ ကိုယ်စားလှယ် က အမေရိကန် နိုင်ငံ အနေဖြင့် လူမှုစီးပွားယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေး ကို ဆက်လက် မျက်ကွယ်ပြုနေပြီး အထူးသဖြင့် စားနပ်ရိက္ခာ အခွင့်အရေး ကို မျက်ကွယ်ပြုထားကြောင်း ၊ အမေရိကန် အစိုးရ အနေဖြင့် အာဟာရ ဖြည့်စွက်ပေးခြင်း ဆိုင်ရာ ကူညီထောက်ပံ့မှု အစီအစဉ် အပေါ် ကြီးမားသည့် ရုပ်သိမ်းမှု နှင့် လျှော့ချမှုများ ဆောင်ရွက်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ၏ ဆောင်ရွက်မှု သည် ကမ္ဘာ့ စားနပ်ရိက္ခာ လုံခြုံရေး အတွက် ခြိမ်းခြောက်မှု ဖြစ်ပွား စေခဲ့ပြီး အမေရိကန် နိုင်ငံ ၏ “အနာဂတ် စားနပ်ရိက္ခာ ထောက်ပံ့မှု အာမခံချက်” အစီအစဉ် တွင်လည်း ခွဲခြား ဆက်ဆံမှု ရှိနေကြောင်း ၊ အမေရိကန် နိုင်ငံ နှင့် အီးယူ က ဆောင်ရွက်နေသည့် စီးပွားရေး ပိတ်ဆို့မှု နှင့် တင်းကြပ်မှု များ က စားနပ်ရိက္ခာ အခွင့်အရေး အကောင်အထည် ဖော်ရန် အတားအဆီးများ ဖြစ်စေခဲ့ကြောင်း ၊ နိုင်ငံတစ်နိုင်ငံ ၏ ပြည်သူလူထု တို့ က လူ့အခွင့်အရေး ဆိုင်ရာ အခွင့်အရေး များ ရရှိရန် အတွက် စားနပ်ရိက္ခာ အာမခံချက် ရှိခြင်း က အခြေခံ လိုအပ်ချက် ဖြစ်ကြောင်း ၊ စားနပ်ရိက္ခာ လုံခြုံမှု သည်လည်း ကမ္ဘာ့ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ၏ အရေးပါသော အာမခံချက် ဖြစ်ပြီး လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး အတွက်လည်း အရေးပါသည့် အခြေခံ ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ကမ္ဘာ့စားနပ်ရိက္ခာ လုံခြုံမှု သည်  ခက်ခဲသည့် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရပြီး လူပေါင်း သန်း ၈၀၀ ကျော် မှာ အငတ်ဘေးနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ၊ နိုင်ငံတကာ စားနပ်ရိက္ခာ ကုန်သွယ်မှု ကဏ္ဍ တွင်လည်း တစ်ဖက်သတ်ကိုယ်ကျိုးရှာ မူဝါဒ (Unilateralism) နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒ (Protectionism) တို့၏ နှောက်ယှက်မှု ကို ခံနေရပြီး သက်ဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည် ဖော်ရန် မှာ အခက်အခဲများဖြင့် ကာလရှည်ကြာ ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)