Connect with us

International Organizations

ဘူရွန်ဒီ ဝန်ကြီး (ဟောင်း) လုပ်ကြံခံရခြင်းအပေါ် ကုလအတွင်းရေးမှူး ချုပ်ရှုတ်ချ

ဘူရွန်ဒီ ဝန်ကြီး (ဟောင်း) Hafsa Mossi အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကုလသမဂ္ဂ ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဘူရွန်ဒီနိုင်ငံ Bujumbura မြို့၌ ဇူလိုင်လ ၁၃ ရက်က ဘူရွန်ဒီနိုင်ငံ အရှေ့အာဖရိက အသိုင်းအဝိုင်းရေးရာ ဝန်ကြီးဌာန ဝန်ကြီး (ဟောင်း) Hafsa Mossi အား လုပ်ကြံ သတ်ဖြတ်လိုက်ခြင်း အပေါ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြစ်တင် ရှုတ်ချလိုက်ကြောင်း သိရသည်။

Mossi လုပ်ကြံခံရခြင်းအပေါ် မိသားစုဝင်များ နှင့် ထပ်တူထပ်မျှ “ အလွန်အမင်း ဝမ်းနည်းကြေကွဲရပါတယ်” ဘန်ကီမွန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ ထို့ပြင် “ အဲဒီလို စက်ဆုပ်ဖွယ် အကြမ်းဖက်မှုဟာ ခွဲခြားမှုကို အားပေးအားမြှောက် ပြုလုပ်ရုံသာမက နိုင်ငံအတွင်း မတည်ငြိမ်မှု နဲ့မယုံကြည်မှုကို အမြစ်တွယ် ခိုင်မာစေပါတယ် ” ဟု ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
Mossi သည် Bujumbura မြို့တွင်းရှိ Nyankoni ရိပ်သာလမ်းတွင် တစ်ဦးတည်း ကားမောင်းလာစဉ် သေနတ်သမား၏ ခြုံခိုတိုက်ခိုက်မှု ခံခဲ့ရခြင်း ဖြစ်သည်။ ဘူရွန်ဒီရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဆေးရုံသို့ရောက်ရှိပြီး မကြာမီပင် Mossi သေဆုံးသွားကြောင်း ဆိုသည်။
ဘူရွန်ဒီ၌ ကြုံတွေ့နေရသော အကြပ်အတည်းကို ညှိနှိုင်းဆွေးနွေး အဖြေရှာကြရန် နှင့် အရှေ့အာဖရိက အသိုင်းအဝိုင်း (EAC) ၏ ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သက်ဆိုင်သည့်အဖွဲ့အားလုံး ပူးပေါင်းပါဝင် ဆွေးနွေးကြရန် အတွင်းရေးမှူးချုပ်၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
ယခင် တန်ဇန်နီးယား သမ္မတ (ဟောင်း) Benjamin Mkapa ခေါင်းဆောင်မှု နှင့် EAC အဖွဲ့မှ ဦးဆောင်ဦးရွက် လုပ်ကိုင်နေသော ဘူရွန်ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကုလသမဂ္ဂ အဖွဲ့သည် ထောက်ပံ့ကူညီမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖြည့်စွက်ရေးသားထားသည်။
Mossi သည် ဘူရွန်ဒီနိုင်ငံ ဆက်သွယ်ရေးဝန်ကြီး နှင့် အစိုးရပြောခွင့်ရ အမျိုးသမီးအဖြစ် ၂ဝဝ၅ ခုနှစ် မှ ၂ဝဝ၇ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ၎င်းသေဆုံးချိန်တွင် အရှေ့အာဖရိက ဥပဒေပြုရေး အဖွဲ့ဝင်များသည် လွှတ်တော်ခေါ်ယူ ကျင်းပနေချိန် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.