Connect with us

International Organizations

၅ ရက်အတွင်း လူပေါင်း ၂,၅၀၀ ခန့် အဖမ်းခံရပြီးနောက် လော့အိန်ဂျလိစ်မြို့၌ ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေ

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့ဝင်များအကြား မေ ၃၀ ရက်က ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားနေစဉ်(ဆင်ဟွာ)

လော့အိန်ဂျလိစ် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ ဒေသဆိုင်ရာ အာဏာပိုင်များက ည ၆ နာရီမှ စတင်ကာ ညမထွက်ရ အမိန့်သစ်ထုတ်ပြန်လိုက်စဉ်အတွင်းမှာပင် ရာပေါင်းများစွာသော ပြည်သူများသည် ဇွန် ၂ ရက်က လော့အိန်ဂျလိစ်မြို့အတွင်းရှိ နေရာများစွာ၌ စုရုံးရောက်ရှိကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ 

ဇွန် ၂ ရက် နံနက်ပိုင်းတွင် ပြုလုပ်သည့် အဆိုပါငြိမ်းချမ်းစွာဆန္ဒပြပွဲတစ်ခုကို Venice လူမှုအဖွဲ့အစည်း ၊ ရဲတပ်ဖွဲ့ နှင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များက စောင့်ကြပ်ကြည့်ရှုလိုက်ပါခဲ့ကြသည်။ မြို့နယ်ခေါင်ရှိ လော့အိန်ဂျလိစ်ရဲဌာန အဆောက်အဦအပြင်ဘက်တွင် ပြုလုပ်သော ဆန္ဒပြပွဲ၌ ရဲတပ်ဖွဲ့ဝင်များက ဒူးတစ်ဖက်ထောက်၍ ဆန္ဒပြသမားများနှင့်အတူ ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသခဲ့ကြသည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော ဗီဒီယိုရုပ်သံဖိုင်တစ်ခုတွင် ရဲအရာရှိတစ်ဦးက “ တကယ်လို့ခင်ဗျားတို့က ဒူးထောက်စေချင်တယ်ဆိုရင် ခင်ဗျားတို့နဲ့အတူ ကျွန်တော်တို့ပါ ဒူးထောက်မှာပေါ့” ဟု ပြောကြားထားသည်။ ဆန္ဒပြသမားများက “ ဒူးထောက်ကြ” နှင့် “ အားလုံးဒူး‌ထောက်ကြ”ဟု ထပ်ခါထပ်ခါ အော်ဟစ်နေစဉ် ရဲအရာရှိတစ်ဦးက ၎င်း၏ ဒူးတစ်ဖက်ကို ထောက်ခဲ့ပြီး ယင်းနောက်တွင် အခြားရဲအရာရှိ သုံးဦးကလည်း ဒူးတစ်ဖက် ထောက်၍ ဆန္ဒပြသမားများနှင့်အတူရပ်တည်ကြောင်း ပြသခဲ့ကြသည်။

ဇွန် ၁ ရက်က အနည်းဆုံး လူပေါင်း ၅၈၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဇွန် ၃ ရက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ဇွန် ၁ ရက်က အဖမ်းခံရသူအများစုသည် ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ကြသူများဖြစ်ကြောင်း သို့သော် ရဲအရာရှိများ က ဆိုင်ခန်းလုယက်မှု နှင့် မော်တော်ကား အစီး ၅၀ ဖျက်ဆီးမှု ကျူးလွန်သူ ၂၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Los Angeles Times သတင်းစာဖော်ပြချက် အရသိရသည်။ 

လော့အိန်ဂျလိစ်မြို့ရှိ အာဏာပိုင်များက မေ ၂၉ ရက် မှ ဇွန် ၂ ရက်နံနက်ပိုင်းအထိ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ နှင့် မြို့တွင်း လိုက်လံဖျက်ဆီးသူများ အား ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ခန့်မှန်းခြေ လူပေါင်း၂,၅၀၀ ခန့်အဖမ်းခံခဲ့ရကြောင်း သတင်းစာက ဆက်လက်ဖော်ပြထားသည်။(Xinhua)