Connect with us

Latin America

ပီရူး၌ တစ်ရက်လျှင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် ၄ ဦးထိရှိနေ

ပီရူး၌ ဆယ်ကျော်သက်များအား ကိုယ်ဝန် တားဆီးရေးအသိပညာပေးဆွေးနွေးပွဲများပြုလုပ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

လင်မာ၊အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံ၌ အသက် ၁၅ နှစ်အောက် ဆယ်ကျော်သက်အရွယ်ကိုယ်ဝန်ဆောင်သူ တစ်ရက်လျှင် ၄ ဦးထိ ရှိနေကြောင်း နိုင်ငံ၏ အမျိုးသမီး နှင့် ထိလွယ်ရှလွယ်သောလူဦးရေဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး Ana Maria Romero က အောက်တိုဘာလ ၁၁ ရက်တွင်ပြောကြားလိုက်သည်။

“ ယေဘူယျပြောရမယ်ဆိုရင် အဲဒီအမျိုးသမီးတွေဟာ ဆင်းရဲကြတယ်။ ပြဿနာတွေအများကြီးရှိတဲ့ ယိုယွင်းပျက်စီးနေတဲ့ အိမ်ယာတွေမှာ နေထိုင်နေကြရပါတယ်” ဟု နိုင်ငံတကာအမျိုးသမီးများနေ့အခမ်းအနားတွင် Romero က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ထို့ပြင် နိုင်ငံအတွင်းရှိ ကျေးလက်နှင့်မြို့ပြ လူဦးရေ ကြားက ဖွံ့ဖြိုးမှုမညီမျှခြင်းသည် ပြဿနာများကို ပို၍ ဆိုးဝါးစေကြောင်း ၎င်းက ဆိုသည်။ “ တကယ်လို့သူက ကျေးလက်မှာ နေတယ်ဆိုပါစို့… ကောင်းမွန်တဲ့ အခွင့်အရေးတွေ မရဘူးလေ ” ဟု Romero က ဆိုသည်။ ပီရူးနိုင်ငံ မြို့ပြနေထိုင်သူအမျိုးသမီး ဦးရေ ၂၅ ရာခိုင်နှုန်းခန့်သာ တက္ကသိုလ်ပညာ ဆုံးခန်းတိုင်အောင် သင်ကြားခွင့် မရသည့်အချိန်တွင် ကျေးလက်နေ အမျိုးသမီးဦးရေ ၆၈ ရာခိုင်နှုန်းမှာ တက္ကသိုလ်ပညာကို ပြီးစီးသည်အထိ သင်ကြားနိုင်ခြင်း မရှိကြောင်း သိရသည်။အင်းဒိစ်(Andes) တောင်တန်းဒေသတွင် နေထိုင်သည့် တိုင်းရင်းသားများသည် စပိန်ဘာသာစကားပြောဆိုကြသူများမဟုတ်ဘဲ Quechua ဘာသာစကားကိုသာ မိခင်ဘာသာစကားအဖြစ် ပြောဆိုကြရာ ယင်းဒေသ၌ အမျိုးသမီး ၁ဝ ဦးလျှင် ၃ ဦးသာ အထက်တန်းပညာပြီးစီးအောင် သင်ကြားကြကြောင်း သိရသည်။ ထို့ပြင် နိုင်ငံ၏ အမေဇုံသစ်တောဧရိယာအတွင်း၌ အမျိုးသမီး ၁ဝ ဦးလျှင် ၁ ဦးသာပညာသင်ကြားသည်အထိ အရေအတွက်လျော့ကျလျက်ရှိကြောင်း Romero က ဆိုသည်။(Xinhua)