Connect with us

Latin America

ကျူးဘားအပေါ် စီးပွားရေး ပိတ်ဆို့မှု အမေရိကန် ထပ်မံ ရုပ်သိမ်း

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး စူစန် ရိုက်စ်က ဝီလ်စန် စင်တာ၌ ကျူးဘားအပေါ် စီးပွားရေ ပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့် ပတ်သက်၍ ပြောကြားနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံနှင့် ကျူးဘားနိုင်ငံတို့အကြား ကုန်သွယ်မှု၊ သိပ္ပံနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖလှယ်မှုများ လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ရန် ကျူးဘားအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ထပ်မံ ဖြေလျှော့ပေးလိုက်ကြောင်း အမေရိကန်က အောက်တိုဘာလ ၁၄ ရက်၌ ကြေညာလိုက်သည်။

ယခုလို ဖြေလျှော့ပေးခြင်းသည် သိပ္ပံပညာရပ်ဆိုင်ရာ ပူးတွဲလုပ်ဆောင်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖလှယ်ခြင်း၊ အမေရိကန်နှင့် ကျူးဘား နှစ်နိုင်ငံကြား ကုန်သွယ်မှု နှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ မြှင့်တင်ခြင်း စသည်တို့အတွက် ရည်ရွယ်ကာ လုပ်ဆောင်ခြင်း ဖြစ်သည်။

“ဒီလို လုပ်ဆောင်ခြင်းဟာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှု မြှင့်တင်ခြင်း ဖြစ်ပြီး ကျူးဘားနဲ့ အမေရိကန်ပြည်သူများအတွက် ကြီးမားတဲ့ စီးပွားရေး အခွင့်အလမ်းတွေကို လမ်းဖွင့်ပေးလိုက်ခြင်းလဲ ဖြစ်တယ်” အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဂျက်ကော့ဘ် လျူက ပြောသည်။

ယခုကဲ့သို့ စီးပွားရေး ပိတ်ဆို့မှု ထပ်မံ ရုပ်သိမ်းခြင်းသည် အောက်တိုဘာလ ၁၇ ရက်တွင် အသက်ဝင်မည် ဖြစ်ပြီး အမေရိကန် ကုမ္ပဏီများအတွက် ကျူးဘားနိုင်ငံထုတ် ဆေးပစ္စည်းများ တင်သွင်းခြင်း၊ အမေရိကန် စိုက်ပျိုးရေး ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များအား ကျူးဘားသို့ ရောင်းချခြင်းနှင့် ကျူးဘားနိုင်ငံသားများ အနေဖြင့် အမေရိကန် ထုတ်ကုန်များအား အွန်လိုင်းမှတဆင့် ငွေပေးချေဝယ်ယူနိုင်ခြင်း စသည်ဖြင့် လွယ်ကူလာစေမည် ဖြစ်သည်။

ယခုလို ဖြေလျှော့လိုက်ခြင်းသည် အထူးသဖြင့် အမေရိကန် ခရီးသွားများအား ကျူးဘား ရမ်များနှင့် ဆေးပြင်းလိပ်များ တစ်ကိုယ်ရေသုံးအတွက် သယ်ဆောင်ခွင့်အား ဖြေလျှော့ပေးသွားမည် ဖြစ်သည်။

အမေရိကန်နှင့် ကျူးဘားတို့၏ ရာစုနှစ်ဝက်ကျော် ပြတ်တောက်ခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေးအား ပုံမှန် ပြန်လည်တည်ဆောက်ရေးအတွက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်က အမေရိကန် သမ္မတ ဘားရတ် အိုဘားမားနှင့် ကျူးဘား သမ္မတ ရာအူးလ် ကက်စ်ထရိုတို့က ကြေညာခဲ့သည်။

ကျူးဘားနှင့် ဆက်ဆံရေး ပိုမို ခိုင်မာစေရန် သမ္မတဆိုင်ရာ မူဝါဒ ညွှန်ကြားချက်တစ်ရပ်အား အိုဘားမားက အောက်တိုဘာလ ၁၄ ရက်က ခွင့်ပြုလိုက်ကြောင်း သိရသည်။ (Xinhua)