Connect with us

North America

ကနေဒါ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် က အမေရိကန် နိုင်ငံ ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်၍ တန်ပြန်ဆောင်ရွက်မှု ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြား

ကနေဒါ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chrystia Freeland အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အော့တဝါ ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ က ကနေဒါ  မှ အမေရိကန် သို့ တင်ပို့ သော အလူမီနီယံ ပါဝင် သည့် ကုန်ပစ္စည်းများ အား အခွန်တိုးကောက်သည့် ဆောင်ရွက်မှု အား တုံ့ပြန်သည့် အနေဖြင့် ကနေဒါ နိုင်ငံ ကလည်း အမေရိကန်  မှ တင်သွင်းသည့် အလူမီနီယံ ပါဝင်သော ကုန်ပစ္စည်းများ အပေါ် အခွန်တိုးမြှင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း ကနေဒါ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chrystia Freeland က သြဂုတ် ၇ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

Chrystia Freeland က သတင်းစာရှင်းလင်းပွဲ တွင် ကနေဒါ နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ တင်သွင်း သော တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂.၇ ဘီလီယံ ရှိ အလူမီနီယံ ပါဝင်သော ကုန်ပစ္စည်းများ အပေါ် အခွန်တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း ၊ ကနေဒါ နိုင်ငံ အစိုးရ အနေဖြင့် လာမည့် ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ လုပ်ငန်းကုမ္ပဏီများ ၏ အကြံပြုချက် ကို ကောက်ခံ သွားမည် ဖြစ်ပြီး အလူမီနီယံ ပါဝင်သည့် ကုန်ပစ္စည်းများ စာရင်း ကို ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Chrystia Freeland က အမေရိကန် နိုင်ငံ အနေဖြင့် ကနေဒါ နိုင်ငံ ၏ အလူမီနီယံ ပါဝင်သော ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်ရန် ရွေးချယ် ခဲ့ခြင်း သည် ကုန်သွယ်ရေး ဆိုင်ရာ ထိပ်တိုက် ရင်ဆိုင်မှု အသစ် ဖြစ်ပွားစေခဲ့ပြီး နှစ်နိုင်ငံ လုံး ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် အတွက် ထိခိုက်မှု ဖြစ်စေခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ ကနေဒါ နိုင်ငံ မှ အလူမီနီယံ ပါဝင်သော ကုန်ပစ္စည်းများ သည် အမေရိကန် နိုင်ငံ ၏ အမျိုးသား လုံခြုံရေး အား ခြိမ်းခြောက်မှု ဖြစ်ပွားစေသည် ဟူသော အတွေးအခေါ် သည် အလွန် အဓိပ္ပါယ် မဲ့ကြောင်း ၊ ဒေါ်နယ်ထရမ့် အစိုးရ သည် ခေတ်အဆက်ဆက် အမေရိကန် အစိုးရ များတွင် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ အထင်ရှားဆုံးသော အစိုးရ အဖွဲ့ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သတင်းဖော်ပြချက်များအရ ကနေဒါ နိုင်ငံ အစိုးရ အနေဖြင့် အမေရိကန် နိုင်ငံ မှ အလူမီနီယံ ပါဝင် သော ကုန်ပစ္စည်းများ အား အခွန်တိုးမြှင့် ကောက်ခံမည့် စာရင်း တွင် ရေခဲသေတ္တာ ၊ စက်ဘီး နှင့် ဂေါက်ရိုက်တံ အစရှိသည် တို့ ပါဝင် ကြောင်း သိရှိရသည်။

ဒေါ်နယ်ထရမ့် အနေဖြင့် ယခုလ ၆ ရက် ၌ ကနေဒါ မှ အမေရိကန် သို့ တင်ပို့ သည့် အလူမီနီယံ ပါဝင်သော ကုန်ပစ္စည်းများက အမျိုးသား လုံခြုံရေး အပေါ် ခြိမ်းခြောက်မှု ဖြစ်ပွားခြင်း ကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် အတွက် အမေရိကန် နိုင်ငံ အနေဖြင့် သြဂုတ် ၁၆ ရက် မှ စတင်၍ ကနေဒါ နိုင်ငံ မှ တင်သွင်းသည့် အလူမီနီယံ ပါဝင်သည့် ကုန်ပစ္စည်းများ အပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဒေါ်နယ်ထရမ့် အနေဖြင့် ကနေဒါ နိုင်ငံ မှ သံ နှင့် အလူမီနီယံ တို့ က အမေရိကန် အမျိုးသား လုံခြုံရေး အပေါ် ခြိမ်းခြောက်မှု ဖြစ်ပွားစေသည် ဟူသော အကြောင်းပြချက်ဖြင့် ၂၀၁၈ ခုနှစ် တွင် ကနေဒါ နိုင်ငံ မှ တင်သွင်းသည့် သံ နှင့် အလူမီနီယံ ကုန်ပစ္စည်းများ အပေါ် အခွန်တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ကနေဒါ နိုင်ငံ အနေဖြင့်လည်း အမေရိကန် နိုင်ငံ အပေါ် တုံ့ပြန်ဆောင်ရွက်မှု အား ချက်ချင်း ပြန်လည် ပြုလုပ် ခဲ့သည်။ ထို့နောက် တွင် နှစ်နိုင်ငံ အနေဖြင့် ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြပြီး ၂၀၁၉ ခုနှစ် မေလ ၌ အမေရိကန် ၊ ကနေဒါ နှင့် မက္ကဆီကို နိုင်ငံ တို့ က သဘောတူညီချက် ရရှိခဲ့ကြသည်။ မြောက်အမေရိကတိုက် ၏ လွတ်လပ်စွာ ကုန်သွယ်ရေး ဆွေးနွေးမှု ၏ အစိတ်အပိုင်း တစ်ခု အနေဖြင့် အမေရိကန် နိုင်ငံ က ကနေဒါ နှင့် မက္ကဆီကို နိုင်ငံ တို့ အပေါ် သံ နှင့် အလူမီနီယံ ကုန်ပစ္စည်းများ အား အခွန်တိုးကောက်မှု ကို ပယ်ဖျက်ခဲ့ပြီး ယင်းနှစ်နိုင်ငံ မှ အမေရိကန် နိုင်ငံ အပေါ် တုံ့ပြန်ဆောင်ရွက်မှု အား ပယ်ဖျက် ပေးစေခဲ့ကြောင်း ၊ သို့သော် ကနေဒါ နှင့် မက္ကဆီကို နှစ်နိုင်ငံ က အမေရိကန် နိုင်ငံ သို့ တင်ပို့ သည့် သံ နှင့် အလူမီနီယံ ပစ္စည်းများ အဆမတန် တိုးမြင့်လာပါ က အမေရိကန် နိုင်ငံ အနေဖြင့် အခွန်ပြန်လည် တိုးမြှင့်ကောက်ခံသည့် အခွင့်အရေး ကို ထိန်းသိမ်းထားကြောင်း သိရှိရသည်။  (Xinhua)