Connect with us

North America

ကျူးဘားတွင် ငါးမန်းကိုက်ခံရ၍ လူတစ်ဦးသေဆုံး

ကျူးဘားနိုင်ငံ အရှေ့ပိုင်းရှိ ထင်ရှားသော Guardalavaca ကမ်းခြေ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟာဗာနာ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ အရှေ့ပိုင်းတွင် ကြုံတောင့်ကြုံခဲ ငါးမန်းကိုက်မှုကြောင့် အသက် ၂၂နှစ်အရွယ် အမျိုးသားတစ်ဦး ငါးမန်းကိုက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာက နိုဝင်ဘာ ၆ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားသည် နိုင်ငံအရှေ့ပိုင်း Holguin ပြည်နယ် ရှိ ထင်ရှားသော Guardalavaca ကမ်းခြေ၌ ရေကူးနေစဉ် မထင်မှတ်ဘဲ ငါးမန်း၏တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း နှင့် ယခင်က ယင်းဧရိယာအတွင်း အလားတူဖြစ်ရပ်မှတ်တမ်းမျိုးမရှိခဲ့ကြောင်း ပြည်နယ်သတင်းစာကဖော်ပြခဲ့သည်။ငါးမန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၄ ရက်ညတွင် ကမ်းခြေမှ ၃မီတာ ထက်မပိုသော အကွာအဝေး၌ စုံတွဲ သုံးတွဲ ရေကူးနေခဲ့ကြောင်း သိရသည်။

အခြားရေကူးနေသူများက ငါးမန်းအား ခြောက်လှန့်မောင်းထုတ်ခဲ့ပြီး ဒဏ်ရာရရှိသူအား နီးစပ်ရာ ဆေးပေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။ငါးမန်းကိုက်ခံရသူ၏ ကိုယ်တွင်းသွေးပမာဏ ၂၀ရာခိုင်နှုန်းကျော် ဆုံးရှုံးသွားခဲ့၍ ဆေးရုံသို့ မရောက်မီ သေဆုံးသွားခဲ့ကြောင်း သိရသည်။၎င်းအားကြည့်ရှုပေးခဲ့သည့် ဆရာဝန်ဖြစ်သူ Enrique Remedios Contis က လူနာ၏ ဘယ်ဘက်ပေါင်တွင် ငါးမန်းကိုက်ဒဏ်ရာ ကြီးမားစွာ ရရှိခဲ့ပြီး ခန္ဓာကိုယ်၏ ဒုတိယအကြီးဆုံးသော သွေးလွှတ်ကြော ပေါက်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။Guardalavaca ကမ်းခြေ သည် ကျူးဘားနိုင်ငံ၏ ထိပ်တန်း အပန်းဖြေစခန်း၅ခုအနက် တစ်ခု ဖြစ်ပြီး ဒေသခံအာဏာပိုင်များက ယင်းဖြစ်ရပ်အား ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ်တစ်ခုအဖြစ် ယူဆကြ၍ ကမ်းခြေကို ဆက်လက်ဖွင့်လှစ်ထားကြောင်း သိရသည်။ (Xinhua)