Connect with us

North America

ဆန်ဖရန်စစ္စကို တွင် ယာဉ်တိုက်မှုကြောင့် လူ ၂ဦးသေ၊ ၉ဦး ဒဏ်ရာရရှိ

ဆန်ဖရန်စစ္စကိုမြို့ ရှိ အဝေးပြေးလမ်းမပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ ရှိ အမှတ် ၁၀၁ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဖေဖော်ဝါရီ ၃ရက်က အမျိုးသမီးတစ်ဦး မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီး သည် လမ်းပြောင်းပြန်ဝင်ရောက်ကာ အခြားမော်တော်ယာဉ်များကို တိုက်မိခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း Bay Area သတင်းဌာန ၏ လက်ခွဲဖြစ်သော KRON4 TV ကဖော်ပြခဲ့သည်။

အသက် ၂၀ကျော်အရွယ် အမျိုးသမီးသည် Vermont လမ်းဆင်ခြေလျောရှိ တောင်ဘက်သို့ဦးတည်နေသော ထွက်ပေါက်မှ မြောက်ဘက်သို့ ဦးတည်သော လမ်းမပေါ်သို့ လမ်းပြောင်းပြန်မောင်းနှင်လာကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အဝေးပြေးကင်းလှည့်အဖွဲ့ (CHP) မှ တာဝန်ရှိသူများကပြောကြားခဲ့သည်။

CHP က လမ်းပြောင်းပြန်မောင်းနှင်လာသော အမျိုးသမီးသည် မူးယစ်ဆေးဝါးတစ်ခုခု သုံးစွဲထားကြောင်း သံသယရှိနေသော်လည်း နောက်ဆုံးရလဒ်အား စုံစမ်းစစ်ဆေးရေးရုံးက အတည်ပြုစစ်ဆေးရန် လိုအပ်ကြောင်း KRON4 ကဖော်ပြခဲ့သည်။

ထို့အပြင် အဆိုပါအမျိုးသမီးသည် ထိုင်ခုံခါးပတ် ပတ်ထားခြင်းမရှိဘဲ မြောက်ဘက်သို့ ဦးတည်သော လမ်းမပေါ်၌ ကားပေါ်မှ ထွက်ကျ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် မော်တော်ယာဉ် ၅စီးပါဝင်ခဲ့ပြီး လူ ၉ဦး ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရှိကြောင်း နှင့် အဝေးပြေးလမ်းမအား နာရီပေါင်းများစွာ ပိတ်ထားခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.