Connect with us

North America

တက္ကဆက်ပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွား ၊ ၂၆ ဦးသေဆုံး

တက္ကဆက်ပြည်နယ် Wilson စီရင်စု ခရိုင်ဥပဒေအရာရှိ Joe Tackett က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဟူစတန် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

တက္ကဆက်ပြည်နယ် Sutherland Springs ရှိ ခရစ်ယာန်ဘုရားရှိခိုကျောင်းတစ်ခု၌ နိုဝင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့ဝတ်ပြုချိန်) တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၆ ဦးသေဆုံးသွားကြောင်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပြောကြားခဲ့သည်။

၎င်းပစ်ခတ်မှုသည် တက္ကဆက်ပြည်နယ်သမိုင်းတွင် လူသေဆုံးမှုအများဆုံး သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Abbott က ဆိုသည်။

သေဆုံးသူများမှာ အသက် ၅ နှစ်မှ ၇၂ နှစ် အရွယ် များဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

တက္ကဆက်ပြည်နယ် ရှေ့နေချုပ် Ken Paxton က သတင်းသမားများအား ပြောကြားရာတွင် သေနတ်သမားသည် ဘုရားရှိခိုးကျောင်းထဲသို့ဒေသစံတော်ချိန် နံနက် ၁၁နာရီ၃ဝ မိနစ်တွင် လမ်းလျှောက်ဝင်ရောက်လာခဲ့ကြောင်း ၊ ထို့နောက် လူအုပ်ကြီးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

သေနတ်သမားမှာ အသက် ၂၆ နှစ်အရွယ် Devin Kelley ဖြစ်ပြီး ၎င်းသည် ရိုင်ဖယ်သေနတ်တစ်လက်ကို ကိုင်ထားပြီး ကျည်ကာဝတ်စုံကို ဝတ်ဆင်ထားကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။

Wilson စီရင်စု ရဲမှူးကြီး Larry Wiley ၏ပြောကြားချက်အရ သေနတ်သမားမှာ Guadalupe စီရင်စုမှ ၉ ကီလိုမီတာအကွာ၌ ရဲတပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၎င်း၏တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်မှ တဆင့် “ တက္ကဆက်ပြည်နယ် Sutherland Springs က ပြည်သူတွေကို ဘုရားသခင်ကောင်းချီးပေးပါစေ။ FBI နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အခင်းဖြစ်နေရာမှာ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေပါတယ်။ ကျွန်တော်ကတော့ ဂျပန်နိုင်ငံကနေပြီး အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်” ဟုရေးသားဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.