Connect with us

North America

အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ်၌ ရထားနှင့်ကား တိုက်မိကာ လူသုံးဦး သေဆုံး

Palm Beach ခရိုင်၌ ရထားနှင့်ကား တိုက်မိမှု ဖြစ်စဉ်အား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဝါရှင်တန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ အရှေ့တောင်ဘက်ရှိ ဖလော်ရီဒါ ပြည်နယ် ဂျုပီတာမြို့၌ နိုဝင်ဘာ ၂၃ ရက်တွင် ယာဉ်တစ်စီးနှင့် Amtrak ခရီးသည်တင် ရထား တစ်စီးတို့ တိုက်မိမှု ဖြစ်ပွားခဲ့ပြီးနောက် ယာဉ်ပေါ်ပါ လူသုံးဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။

ရထားပေါ်တွင် လိုက်ပါလာသူများမှာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ၊ ယင်းရထား၌ ခရီးသည် ၂၀၀ ဦးခန့်နှင့် ရထား ဝန်ထမ်းများ လိုက်ပါလာပြီး မီယာမီမှ နယူးယောက်သို့ သွားရောက်စဉ် ဖြစ်ပွားခဲ့ကြောင်း Amtrak ပြောရေးဆိုခွင့် ရှိသူ Christina Leeds ၏ ပြောကြားချက် အရ သိရသည်။ယင်းဖြစ်စဉ်သည် West Palm ကမ်းခြေ၏ မြောက်ဘက်တွင် ဒေသ စံတော်ချိန် နေ့လည် နှစ်နာရီ ဝန်းကျင်တွင် ဖြစ်ပွား ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး တိုက်မိမှု ဖြစ်ပွားရသည့် အကြောင်းရင်းအား လတ်တလောတွင် မသိရှိရသေးဟု ဆိုသည်။အဆိုပါ ယာဉ်မှာ ရထား နီးကပ်လာချိန်တွင် ကားလမ်းနှင့် ဆုံရာဂိတ်၌ ရပ်တန့်ခြင်း မရှိဘဲ ဖြတ်သန်းသွားခဲ့ကြောင်း Palm Beach ခရိုင် ရဲအရာရှိရုံး၏ ပြောရေးဆိုခွင့် ရှိသူ Teri Barbera က CNN တွင် ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှု အရ ယာဉ်မှာ အကြီးအကျယ် ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။ဂျုပီတာမြို့၌ ဖလော်ရီဒါ ပြည်နယ် အရှေ့တောင်ဘက် ကမ်းရိုးတန်းရှိ Palm Beach ခရိုင်ရှိ မြောက်ဘက် အစွန်ဆုံးကျသော မြို့ဖြစ်သည်။(Xinhua)