Connect with us

North America

အမေရိကန် နှင့် အစ္စရေးခေါင်းဆောင်များ နှစ်နိုင်ငံဆက်ဆံရေး နှင့် ဒေသတွင်းလုံခြုံရေးအတွက် ဆွေးနွေးပြောဆို

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် (ဘယ်) နှင့် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ညာဟု (ညာ) အားတွေ့ရစဉ် (ဆင်ဟွာ/Reuters)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် နှင့် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ညာဟု တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအားကောင်းလာရေး၊ အရှေ့အလယ်ပိုင်းအတွင်း လုံခြုံရေး နှင့် တည်ငြိမ်မှု ရရှိရန် နည်းလမ်းများ နှင့် ပတ်သက်၍ ဇန်နဝါရီ ၂၂ ရက် က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံနှင့် စစ်ရေး၊ စုံစမ်းစစ်ဆေးရေး နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် အရေးပါကြောင်း နှင့် ယင်းပူးပေါင်းဆောင်ရွက်မှု များ က နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာစေမည်ဟု အလေးပေးပြောဆိုခဲ့ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် အီရန်နိုင်ငံ၏ ခြိမ်းခြောက်မှုများ အပါအဝင် ဒေသတွင်း အရေးကိစ္စများ နှင့် ပတ်သက်၍ နီးကပ်စွာ ဆွေးနွေးတိုင်ပင်မှုများ ဆက်လက်လုပ်ဆောင်သွားရန် သဘောတူခဲ့ကြောင်း သိရသည်။

ထရမ့်က အစ္စရေးနိုင်ငံ၏ လုံခြုံရေး နှင့်ပတ်သက်၍ ၎င်း၏ ကတိကဝတ်များအား ထပ်မံအတည်ပြုပေးခဲ့ပြီး IS စစ်သွေးကြွအုပ်စု နှင့် အခြား အစ္စလာမ်မစ်အကြမ်းဖက်အုပ်စုများအား တန်ပြန်တိုက်ခိုက်ခြင်းကို လက်ရှိအုပ်ချုပ်ရေးစနစ်၏ ဦးစားပေး အကြောင်းအရာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ထရမ့် က အစ္စရေးနိုင်ငံ နှင့် ပါလက်စတိုင်းနိုင်ငံကြား ငြိမ်းချမ်းရေးရရှိရန်မှာ နှစ်နိုင်ငံ တိုက်ရိုက် ဆွေးနွေးခြင်းဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံအနေဖြင့် ယင်းငြိမ်းချမ်းရေး ပန်းတိုင် ရရှိရန်အတွက် အစ္စရေးနိုင်ငံ နှင့် နီးကပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုအတွင်း ထရမ့် က နက်တန်ညာဟုအား ဖေဖော်ဝါရီလ အစောပိုင်းတွင် အိမ်ဖြူတော်၌ တွေ့ဆုံရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

အိမ်ဖြူတော် က ယင်းဆွေးနွေးမှုများသည် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ အမေရိကန်သံရုံးအား ဂျေရုဆလင်သို့ ရွှေ့ပြောင်းရန် စီစဉ်မှု၏ အစပျိုးမှုဖြစ်ကြောင်း ဇန်နဝါရီ ၂၂ရက် အစောပိုင်းတွင်ပြောကြားခဲ့သည်။

အစ္စရေးမီဒီယာတစ်ခုက ထရမ့်သည် သံရုံးပြောင်းရွှေ့မှုပြုလုပ်ရန် ကြေညာချက် ထုတ်အံ့ဆဲအခြေအနေတွင်ရှိနေကြောင်း ဖော်ပြခဲ့ပြီးနောက် အဆိုပါမှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.