Connect with us

North America

အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းကာရံခြင်းက တရားမဝင် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်မှုကို လျှော့ချနိုင်ရန် အာမခံချက် ပေးနိုင်ပါ မည်လော

အမေရိကန် - မက္ကဆီကို နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်၌ တည်ဆောက်ထားသော နယ်စပ်တံတိုင်းပုံအား ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၁ရက်က ရိုက်ကူးထားစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်ဟာ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ ဝင်ရောက်မှာကို တားဆီးဖို့ရည်ရွယ်ပြီး အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်မှာ တံတိုင်းကာရံမယ့် သူ့ရဲ့ အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်လျက် ရှိနေပါတယ်။ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ အဲဒီလို တံတိုင်းကာရံမယ့် လုပ်ငန်းမှာ ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေသေးတယ်လို့ဆိုပါတယ်။

အမေရိကန်သမ္မတ မဲဆွယ်ပွဲတုန်းက ဒေါ်နယ်ထရမ့်ဟာ နယ်စပ်လုံခြုံရေးကိစ္စကို သူ့ရဲ့ အဓိက နိုင်ငံရေးပလက်ဖောင်းအဖြစ် အသုံးချခဲ့ပါတယ်။ အမေရိကန်-မက္ကဆီကို နယ်စပ်ကို ကျော်ဖြတ်ပြီး အမေရိကန်နိုင်ငံထဲကို နေ့စဉ်နှင့်အမျှဝင်ရောက်လာနေတဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ ရပ်တံ့သွားအောင် နယ်စပ်တံတိုင်း တည်ဆောက်မယ်လို့ထပ်ခါတလဲလဲ ပြောဆိုမဲဆွယ်စည်းရုံးခဲ့ပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံထဲရောက်ရှိနေတဲ့ တရားမဝင်နေထိုင်သူ ဦးရေဟာ ၁၁ သန်း လောက် ရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ဟာ ကျိုးပေါက်နေခဲ့ပြီး မကြာသေးခင် နှစ်ပိုင်းတွေက ပြိုင်ဘက်ပါတီအတွက် ခါးခါးသီးသီး ထောက်ပြစရာ အကြောင်းချင်းရာတစ်ခု ဖြစ်ခဲ့ရပါတယ်။

ဒီလို တံတိုင်းတည်ဆောက်လိုက်ခြင်းအားဖြင့် အမေရိကန်နိုင်ငံထဲမှာ အလုပ်လက်မဲ့ဘဝ ဖြစ်နေရတဲ့ သန်းပေါင်းများစွာသော အမေရိကန်နိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပြိုင်ဆိုင်မှုမှာ မညီမမျှ ဖြစ်နေတဲ့အနေအထားကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ဆိုပါတယ်။
တံတိုင်းတည်ဆောက်မှုကို ထောက်ခံသူတွေကလည်း တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေကြောင့် သူတို့ရဲ့ ဝင်ငွေတွေ ကျဆင်းနေရတာလို့ဆိုပါတယ်။ အချို့သော စီးပွားရေးပညာရှင်တွေက အမေရိကန်နိုင်ငံဟာ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေရဲ့ လုပ်အားကို မှီခိုနေစရာမလိုဘူးလို့ပြောဆိုနေလင့်ကစား အခြားလူတွေကတော့ ဘယ်လို အလုပ်အကိုင်မျိုးကိုမဆို သူတို့ရနိုင်ဖို့အခွင့်အရေးဟာ ကံမကောင်းအကြောင်းမလှသူတွေအတွက် အလုပ်အမဲလိုက်သလို ဟိုခုန်ဒီခုန်ဖြစ်နေလိမ့်မယ်လို့ဆိုပါတယ်။
လပ်စ်ဗီးဂတ်စ်မြို့Nevada တက္ကသိုလ်မှ ပါမောက္ခ Tiffiany Howard က နယ်စပ်တံတိုင်း တည်ဆောက်မယ့် အယူအဆဟာ ဥပဒေကြောင်းအရ အပြည့်အဝ ပုံဖော်နိုင်ခြင်း မရှိသေးခင်ကတည်းကပဲ တံတိုင်းကြီးရဲ့ အကျိုးဆက်အပေါ် ခန့်မှန်းချက်လုပ်ဖို့ခက်ခဲနေပါတယ်လို့ဆင်ဟွာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အမှန်စင်စစ် ထရမ့်ရဲ့ တံတိုင်းဟာ တကယ့်တံတိုင်းစစ်စစ်ဖြစ်နိုင်ပါ့မလား ဒါမှမဟုတ် မိုင် ၂ဝဝဝ အကွာအဝေးကိုဖြတ်ပြီး အပိုခြံစည်းရိုး ထပ်ပေါင်း ကာရံဖို့သမ္မတက လုပ်မှာလားဆိုတာကို သိနိုင်ဖို့ကျန်နေဆဲပါပဲ။

“ တကယ်လို့တကယ့်တံတိုင်းစစ်စစ်ဆိုရင် တံတိုင်းပေါ်မှာ နယ်စပ်လုံခြုံရေး ဝန်ထမ်းတွေ ရှိရမယ်။ ဒါမှ မက္ကဆီကို နိုင်ငံကနေ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ကြမယ့် ရွှေ့ပြောင်းအခြေချသူတွေရဲ့ အရေအတွက်ကို လျှော့ချနိုင်မှာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မက္ကဆီကို နဲ့အမေရိကန် နယ်စပ်တစ်လျှောက်မှာ မြေအောက် ဥမင်လှိုင်ခေါင်းတွေ ရှိနေတာကိုတော့ သတိပြုရမယ်လေ။ ဒါကြောင့် အမေရိကန်နိုင်ငံထဲကို တစ်ဦးချင်းစီအလိုက် တရားမဝင် ဝင်ရောက်လာဖို့အခြားလမ်းကြောင်းတစ်ခု ရှိနေပါသေးတယ်” ဟု Howard က ဆိုပါတယ်။

“တံတိုင်းတည်ဆောက်တာက အမေရိကန်နိုင်ငံထဲကို တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ ဝင်ရောက်မှု လျော့နည်းသွားအောင် အခိုက်အတန့်လောက်ပဲ လုပ်နိုင်မှာပါ။ ဒါပေမယ့် အဲဒီမှာ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့တခြားနည်းလမ်းတွေ အများကြီး ရှိနေပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။ ပြောရမယ်ဆိုရင် တံတိုင်းကာရံလိုက်တာဟာ နယ်စပ်က တဆင့် စာရွက်စာတမ်းမရှိဘဲ တရားမဝင် ဝင်ရောက်လာမယ့် လူတွေကို ကနဦးပိုင်းမှာတော့ ဟန့်တားနိုင်ပါလိမ့်မယ်။ နောက်ပိုင်းကျရင်တော့ အခြေအနေတွေဟာ မူလပုံမှန် အဆင့်အတိုင်း ပြန်ဖြစ်သွားမှာပါ။
ဘရွတ်ကလင်းသိပ္ပံ(Brookings Institution ) အကြီးတန်းတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့ Darrell West ကတော့ အမေရိကန် နဲ့မက္ကဆီကို နှစ်နိုင်ငံ နယ်စပ်ဟာ မိုင်ထောင်ချီ အကွာအဝေးရှိပါတယ်။ “ ဒီလို နယ်စပ်ကို တံတိုင်းတည်ဆောက်ဖို့ကတော့ ကုန်ကျစရိတ်လည်း ကြီးမားသလို လက်တွေ့လည်း မကျပါဘူး” လို့ဆိုပါတယ်။

“ ဆိုပါစို့အဲဒီမှာ တံတိုင်းရှိလာမယ်ဆိုရင် လူကုန်ကူးသမားတွေဟာ လွယ်လွယ်ကူကူပဲ မြေအောက် ဥမင်လှိုင်ခေါင်းတူးပြီး သွားကြမှာပဲ။ တည်ဆောက်မှုလုပ်ငန်းအတွက် ငွေကြေးရဖို့ကလည်း သိပ်ကိုအခက်အခဲ ရှိနေပါတယ်။ အစောပိုင်းခန့်မှန်းချက်မှာတောင် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂ဝ လောက်ရှိနေတယ်” လို့ဆိုပါတယ်။

ထပ်ပြီးတော့ အဲဒီအချိန်မှာ ပြည်တွင်း အစီအစဉ်တွေဟာ အဓိကဖြတ်တောက်မှုနဲ့ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အမေရိကန်ပြည်သူတွေကတော့ တံတိုင်းတည်ဆောက်မှုဟာ ကုန်ကျစရိတ်များနေတယ်လို့ယုံကြည်နေကြပါတယ်။ ပြည်သူအများစုကတော့ နိုင်ငံ့ဘဏ္ဍာငွေတွေကို ပညာရေး နဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အသုံးပြုဖို့လိုချင်နေကြပါတယ် လို့West က ဆိုပါတယ်။
ကျွမ်းကျင်သူတွေကတော့ နယ်စပ်တံတိုင်းဟာ အမေရိကန်- မက္ကဆီကို နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ပြောပါတယ်။ အထူးသဖြင့် တံတိုင်းတည်ဆောက်မှု ကုန်ကျစရိတ်ကို မက္ကဆီကို နိုင်ငံက ပေးရမယ်လို့ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ်အခါခါ ပြောဆိုမှု လုပ်ခဲ့တဲ့အချိန်ကတည်းကပါပဲ။

တံတိုင်းတည်ဆောက်မယ့် ကုန်ကျစရိတ်တွေရရှိဖို့ မက္ကဆီကိုနိုင်ငံကနေ အမေရိကန်နိုင်ငံကို တင်ပို့မယ့် ကုန်စည်တွေကို အခွန်တိုးမြှင့်ကောက်ခံပြီး ဝင်ငွေ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှာရမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြောကြားခဲ့ပါတယ်။ အဲဒီလို အငြင်းပွားဖွယ်ပြောဆိုမှုတွေကြောင့်ပဲ မက္ကဆီကိုနိုင်ငံသမ္မတ Enrique Pena Nieto ဟာ အမေရိကန်နိုင်ငံလာပြီး သမ္မတ ဒေါ်နယ်ထရမ့် နဲ့အိမ်ဖြူတော်မှာ တွေ့မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
တံတိုင်းတည်ဆောက်ခြင်းဟာ အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံဆက်ဆံရေးကိုဆိုးဝါးစေမှာဖြစ်တယ်လို့West ကပြောပါတယ်။ဘာကြောင့်လဲဆိုတော့ နှစ်နိုင်ငံကြား ကြီးမားတဲ့ အဟန့်အတားတစ်ခုကို ဖန်တီးလိုက်တာဖြစ်သလို တံတိုင်းတည်ဆောက်မှုဖြစ်လာတာနဲ့တစ်ပြိုင်နက် မက္ကဆီကိုပြည်သူတွေဟာ ဒေါသအကြီးအကျယ်ထွက်ကြမှာပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဟာ နှစ်နိုင်ငံအကြား အဓိကအတားအဆီးတစ်ခု အဖြစ် အချက်ပြနေမှာပါ။ ပြီးတော ဒီအခြေအနေကို နှစ်နိုင်ငံစလုံးက ဘယ်လို ရှု့မြင်ကြမလဲဆိုတဲ့ အလွန်ကြီးမားတဲ့ ကွဲပြားခြားနားချက်တစ်ခု ဖြစ်သွားပါလိမ့်မယ်လို့ဆိုပါတယ်။

Heritage Foundation ရဲ့ လက်တင်အမေရိကဆိုင်ရာ ဝေဖန်သုံးသပ်သူ Ana Rosa Quintana ကတော့ စိန်ခေါ်မှုတွေရှိနေလင့်ကစား အမေရိကန် – မက္ကဆီကို နှစ်နိုင်ငံစလုံးက ဆက်ဆံရေးတိုးတက်ခိုင်မာဖို့အခွင့်အလမ်းကောင်းတွေ ရှေ့ဆက်ဆောင်ရွက်ကြဖို့ပြောခဲ့ကြတယ်လို့ အကောင်းဖက်က ရှု့မြင်ခဲ့ပါတယ်။

“ နှစ်ဖက်စလုံးက လုံခြုံ မှု နဲ့ခေတ်မီမှု ရှိတဲ့ နယ်စပ်ဖြစ်ဖို့လိုအပ်နေတာကို အသိအမှတ်ပြုကြတယ်။ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်တင်ခြင်းဟာ နှစ်နိုင်ငံစလုံးကို ကာကွယ်ခြင်းဖြစ်သလို စီးပွားရေးအတွက်လည်း ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်” ဟု Quintana က ဆိုပါတယ်။

နောက်ထပ်တစ်ခုက မက္ကဆီကိုနိုင်ငံကတဆင့် အမေရိကန်နိုင်ငံထဲကို အလုံးအရင်းနဲ့ဝင်ရောက်လာနေတဲ့ တရားမဝင် မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းဖို့သမ္မတထရမ့်က လိုလားနေပါတယ်။ဒါပေမယ့် တံတိုင်းဟာ မူးယစ်ဆေးဝါးတင်သွင်းမှုကို ရပ်တန့်ပစ်နိုင်မှာမဟုတ်ဘူးလို့West က ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်သူတွေဟာ မြေအောက်ဥမင်လှိုင်ခေါင်းတူးပြီး မူးယစ်ဆေးဝါးတွေသွင်းနိုင်သလို စက်လှေတွေ နဲ့တံတိုင်းကို ရှောင်ကွင်းမောင်းနှင်ပြီး အမေရိကန်နိုင်ငံထဲကို ဝင်ကြအုံးမယ်လို့သူက ဆက်ပြောပါတယ်။

“ အခုကစပြီး လာမယ့်နှစ်အနည်းငယ်မှာ ကြုံတွေ့ရမယ့် အခြေအနေဟာ ဒီနေ့လိုမျိုးထက် ပိုမိုကောင်းမွန်တဲ့ အနေအထား ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပါဘူး” လို့West က ပြောပါတယ်။ (Xinhua)