Environment, Disasters & Accidents
ပျောက်ဆုံးနေသည့် တပ်မတော်ပို့ဆောင်ရေး လေယာဉ်မှ ရုပ်အလောင်း ၁၀ လောင်းအား ရှာဖွေတွေ့ရှိထား
ရန်ကုန် ၊ ဇွန် ၈ ရက်(ဆင်ဟွာ)
ပျောက်ဆုံးနေသည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ဒေသခံများနှင့်အတူ ပူးပေါင်းကာ ဆက်လက်ရှာဖွေလုပ်ဆောင်လျက်ရှိရာ ယနေ့ဇွန် ၈ ရက် ၁၁ နာရီအချိန်ထိ ရုပ်အလောင်း ၁၀ လောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။
၎င်းတို့တွင် အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီးရုပ် အလောင်း ၅ လောင်းနှင့် ကလေးရုပ် အလောင်း ၄ လောင်း စုစုပေါင်း ရုပ်အလောင်း ၁၀ လောင်း ပါဝင်ကြောင်း သိရသည်။
ထို့အတူ တပ်မတော်(လေ)မှ ကင်းထောက်လေယာဉ်တစ်စီးကလည်း ထားဝယ် မြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၆ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် လေယာဉ် ဆီကွက်များတွေ့ရှိရသဖြင့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များက အဆိုပါနေရာသို့သွား ရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ကျောက်နီမော် ကျေးရွာ၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင် အတွင်း တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်၏ အစိတ်အပိုင်းအချို့နှင့် ရုပ်အလောင်းအချို့အား ယနေ့နံနက်ပိုင်းတွင် စတင်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်သည် ဇွန် ၇ ရက် မွန်းလွဲပိုင်း အချိန်တွင် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးခဲ့ပြီး လေယာဉ်ပေါ်တွင် စုစုပေါင်းလူ ၁၂၂ ဦး လိုက်ပါသွားကြောင်း သိရသည်။(Xinhua)