Connect with us

Media

မြန်မာနိုင်ငံသည် ဧပြီလမှ သြဂုတ်လအတွင်း ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁၄ သန်းကျော် ရရှိ

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမလေးလကျော်ကာလအတွင်း ရေထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁၄.၄၂ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဩဂုတ် ၃၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှာဆိုရင် အဓိကအားဖြင့် ဈေးကွက်ကြီး ၄ ခုရှိပါတယ်။ ဆော်ဒီအာရေဗျ ကို ရေချို၊ရေငန် ငါးတွေ တင်ပို့ရတယ်။

နောက်တစ်ခုကတော့ အရှေ့အလယ်ပိုင်းဈေးကွက်ပေါ့။ သူကတော့ ရေချိုငါးတွေ တင်ပို့ရတယ်။ နောက်ဈေးကွက်ကြီးတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ၄၅ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းကြားကိုတင်ပို့နေရတာကတော့ တရုတ်နိုင်ငံကို တင်ပို့ရပါတယ်။ တရုတ်နိုင်ငံကိုတော့ ရေငန်ငါးကို တင်ပို့ပြီးတော့ ငါးရှဉ့်၊ ကဏန်းလည်း ပို့ပါတယ်။ နောက်တစ်ခုကတော့ EU နိုင်ငံ ၄၀ ကျော်ကို တင်ပို့ရပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၃၀ ရက်တွင်ပြောသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အလားတူကာလတွင် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၉.၈၂၁ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အဆိုပါကာလအတွင်း ပြည်ပကုန်သွယ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်ကို ပင်လယ်ရေကြောင်းလမ်းဖြင့် ပို့ဆောင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့ကို နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရသည်။

“ရေထွက်ကုန်တွေကို တိုးမြှင့်တင်ပို့နိုင်ဖို့တော့ ကျွန်တော်တို့အသင်းအနေနဲ့ မျှော်လင့်ပါတယ်။ ရေထွက်ကုန်တင်ပို့မှု များလာဖို့ နည်းလာဖို့ကတော့ တင်ပို့မှုနဲ့လည်းဆိုင်တယ်။ မွေးမြူသူနဲ့လည်းဆိုင်တယ်။ မွေးမြူသူမွေးနိုင်မှ ပို့သူက ပို့နိုင်မှာဖြစ်သလို ပို့သူရှိမှလည်း မွေးမြူသူကမွေးမြူနိုင်မှာ ဖြစ်တယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ နှစ်ပတ်တစ်ကြိမ် ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ အိတ်စပိုတာအသင်းတို့က နှစ်ပတ်တစ်ကြိမ်တွေ့ပြီး အမြဲဆွေးနွေးမှုတွေ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117