Economy
မြန်မာနိုင်ငံ၌ RCEP သဘောတူစာချုပ်အကောင်အထည်ဖော်ရေးအသိပညာပေးခြင်းနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင်စီစဉ်ကျင်းပခဲ့သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ် အကောင်အထည် ဖော်ရေးအတွက် အသိပညာပေးခြင်းနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်တွင် ၃ ရက်ကြာကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသည် RCEP သဘောတူစာချုပ်ကို ပိုမိုနားလည် သဘောပေါက်နိုင်စေရန်နှင့် အသုံးပြုမှု ပိုမိုမြင့် မားလာစေရန်တို့အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများအကြား RCEP အကောင်အထည်ဖော်မှုဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် အတွေ့အကြုံများကို ဖလှယ်နိုင်ရန် ရည်ရွယ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr. Zheng Zhihong က RCEP သည် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် ဖြစ်ပြီး လူဦးရေ ပါဝင်မှုအများဆုံး၊ စီးပွါးရေးပမာဏ အကြီးဆုံး နှင့် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာ အကြီးမားဆုံးဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကျင်းပရန် မြန်မာနိုင်ငံအတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေမှ ပံ့ပိုးကူညီမှုသည် ဒေသတွင်း အလားအလာကောင်းသော ရလဒ်များကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊RCEP အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဖလှယ်မှုများနှင့် အပြန်အလှန်သင်ယူမှုများ အားကောင်းလာစေရေး အရေးကြီးကြောင်း ၎င်းက ဆိုသည်။
ဆက်လက်ပြီး RCEP အဖွဲ့ဝင်များကြားတွင် အကြီးဆုံးစီးပွါးရေးအနေဖြင့် တရုတ်နိုင်ငံသည် RCEP ၏ အရည်အသွေးမြင့် အကောင်အထည်ဖော်မှုကို မြှင့်တင်ကာ ပွင့်လင်းသော ဖွံ့ဖြိုးတိုးတက်မှု သဘောတရားကို အမြဲတမ်း လိုက်နာခဲ့ကြောင်း သံမှူးကြီးက ပြောသည်။
တရုတ်နိုင်ငံသည် လျန်ချန်း-မဲခေါင် နိုင်ငံများနှင့် ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန်၊ စီးပွားရေးအတွက် ဂေဟစနစ်ကို မြှင့်တင်ရန်၊ ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုကို စဉ်ဆက်မပြတ် မြှင့်တင်ရန်နှင့် ပိုမိုနီးကပ်သော လျန်ချန်း-မဲခေါင် အေးအတူပူအမျှအသိုက်အဝန်းကို ပူးပေါင်းတည်ဆောက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ဆိုသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံအားလုံးသည် RCEP တွင် လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီးရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr. Zheng Zhihong နှင့်လန်ချန်း – မဲခေါင်အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ဝန်ကြီးဌာန ၁၀ ခုတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ လန်ချန်း -မဲခေါင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။ (Xinhua)