Politics, Law & Military
မြန်မာနိုင်ငံ၌ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဇွန် ၃၀ ရက်ထိ ထပ်မံတိုးမြှင့်

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဇွန် ၁ရက်မှ ၃၀ ရက်ထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၃၁ ရက် ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို မေ ၆ရက်မှ ၃၁ ရက်ထိ သတ်မှတ်ခဲ့ရာမှ ထပ်မံသက်တမ်းတိုးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက် လက်ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာမှလည်း ကူညီ မှုများကိုဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက် နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာဖော်ဆောင် နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်အတွက် တည်ငြိမ် အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန် ၁ရက်မှ ၃၀ ရက် အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံ တိုးမြှင့်လိုက်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်းတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)