Connect with us

Myanmar

“မူးယစ်ဆေးတွေကို ဘယ်တော့မှမစမ်းကြည့်ပါနဲ့။ မူးယစ်ဆေးတွေနဲ့ ယှဉ်တွဲပြီးတော့ အတူနေလို့မရသလို ဘာအလုပ်မှလည်းလုပ်နိုင်မှာမဟုတ်ပါဘူး”

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပြန်လည်ထူထောင်ရေးစင်တာတွင် ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်နေသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများကို ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစင်တာတွင် ကိုဖြိုးတစ်ယောက် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကြိုးခုန်ခြင်း၊ အားကစားခန်းမတွင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့် တရားထိုင်ခြင်း စသည်တို့အား နှစ်ပေါင်း ၂၀ ကြာ ဘိန်းဖြူနှင့် မက်သ်အဖက်တမင်း စိတ်ကြွရူးသွပ်ဆေးဝါးများသုံးစွဲမှုနေရာ၌ အစားထိုးကာ ၎င်း၏ တစ်နေ့တာကို အစပြုလျက်ရှိသည်။

“ကျွန်တော် အသက် ၁၅ နှစ်လောက်ကစပြီးတော့ မူးယစ်ဆေးသုံးခဲ့တာ။ နှစ်နှစ်ဆယ်လောက် မူးယစ်ဆေးစွဲခဲ့ပြီး ထူထောင်ရေးစခန်းတွေကိုလည်း အများကြီးတက်ဖူးတယ်။ ဆေးပြတ်သလားဆိုတော့လည်း ဘယ်တော့မှ မပြတ်ခဲ့ပါဘူး” ဟု အသက် ၃၇ နှစ်အရွယ် ကိုဖြိုးက ပြောခဲ့သည်။ “ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ လုံးဝကိုကွာခြားသွားပါတယ်”

ကိုဖြိုး၏ ဘဝဇာတ်လမ်းမှာ ကြားဖူးနေကျပုံစံဖြစ်နေသည့်တိုင် ထူးထူးခြားခြား ဝမ်းနည်းဖွယ်ကောင်းလှပေသည်။ ၎င်းအနေဖြင့် ဆယ်တန်းစာမေးပွဲဖြေပြီးနောက် စင်ကာပူနှင့် အင်္ဂလန် နိုင်ငံများ၌ ပညာသင်ယူရန် ပြည်ပသို့ မိဘများက လွှတ်ခဲ့သည်။ သို့ရာတွင် ၎င်းသည် မည်သည့်အခါမျှ တက္ကသိုလ်ဒုတိယနှစ်ကို ပြီးဆုံးအောင်မသင်ယူနိုင်ခဲ့ပေ။ ကိုဖြိုးတစ်ယောက် မြန်မာနိုင်ငံသို့ ပြန်ရောက်လျှင်ရောက်ချင်း မူးယစ်ဆေးပြန်လည်သုံးစွဲခဲ့သည်။

“ကျွန်တော့်မိဘတွေရဲ့ စီးပွားရေးမှာလည်း ဘာမှဝင်ပြီးမကူညီနိုင်ဘူး။ ကျွန်တော့်အသက် ၃၀ ကျော်မှာ အိမ်ထောင်ကျခဲ့တယ်။ ကျွန်တော့်အိမ်ထောင်ရေးလည်း အဆင်မပြေဘူး။ ကျွန်တော့်ဘဝမှာ ဘာမှလည်း ကောင်းကောင်းမွန်မွန်မလုပ်နိုင်ခဲ့ဘူး” ဟု ကိုဖြိုးက ဆိုသည်။

ရန်ကုန်မြို့ရှိ “မေတ္တာစံအိမ်” မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစင်တာတွင် တစ်နှစ်ကြာနေထိုင်ပြီးနောက် ကိုဖြိုးသည် နောက်ဆုံးတွင်မူ မျှော်လင့်ချက်အလင်းရောင်ကို မြင်တွေ့နေရပြီဖြစ်သည်။

“ဒီစင်တာက ကျွန်တော့်ကို တကယ်ပဲ ပြန်လည်ထူထောင်လာဖို့ကို လုပ်ဆောင်ပေးခဲ့တယ်။ လေ့ကျင့်ခန်းက ကျွန်တော့်ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေဖယ်ရှားပေးဖို့ အထောက်အကူပေးတယ်” ဟု စားပွဲတင်တင်းနစ်ကစားခြင်း၊ အားကစားပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ နှစ်သိမ့်ဆွေးနွေးမှုခံယူခြင်း၊ အဖွဲ့လိုက်အားကစားလုပ်ခြင်းတို့မှာ နေ့စဉ်လုပ်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တရားထိုင်တာကတော့ အခက်ခဲဆုံးအပိုင်းပေါ့။ ဒါပေမဲ့ ကျွန်တော် တော်တော်ကြီးကို ခက်ခက်ခဲခဲလိုက်လုပ်ယူရတယ်”

ကိုဖြိုးသည် မေတ္တာစံအိမ်၏ ယခုသီတင်းပတ်အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်သူ မူးယစ်ဆေးဖြတ်သင်တန်းသား ၂၉ ဦးအနက် အမြင့်ဆုံးအမှတ်များ ရရှိခဲ့ကာ သင်တန်းဆင်းလက်မှတ်ကို ဇွန် ၂၅ ရက်တွင် ရရှိခဲ့သည်။

ဤကဲ့သို့ မှတ်တိုင်များ စွမ်းဆောင်နိုင်ခဲ့သည့်တိုင် ကိုဖြိုးဇော်သည် ၎င်း၏ အခက်ခဲဆုံးရုန်းကန်ရမှုများ ဆက်လက်ရှိနေသည်ကို ကိုယ်တိုင်သိရှိထားသူ ဖြစ်သည်။
“အပြင်ပတ်ဝန်းကျင်မှာက တကယ့်စိန်ခေါ်မှုတွေရှိပါတယ်။ ကျွန်တော်ပြောင်းလဲလာတာကို တချို့ကမယုံကြဘူး။ ကျွန်တော့်မိသားစုတောင်မှ မယုံကြသေးပါဘူး။ ယုံကြည်မှုတွေပြန်တည်ဆောက်ဖို့ လုပ်ရဦးမှာပါ။ ကျွန်တော့်ဆန္ဒကတော့ မိဘတွေကို ပြန်ပြီးကူညီပေးချင်တယ်။ ဒါမျိုး ကျွန်တော်အရင်ကမလုပ်ဖူးဘူး လုပ်မှာမဟုတ်တော့ပါဘူး” ဟု ကိုဖြိုးက ပြောပြခဲ့သည်။

ထိုသို့ကြုံတွေ့နေရသည်မှာ ကိုဖြိုး တစ်ဦးတည်းတော့မဟုတ်ပေ။ ဆုံးရှုံးမှု၊ ဝမ်းနည်းမှုနှင့် ပြန်လည်ကောင်းမွန်လာသူတို့၏ ဘဝဇာတ်လမ်းများမှာ မေတ္တာစံအိမ်၏ ခန်းမများအတွင်း ပဲ့တင်ထပ်နေသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှ အသက် ၄၆ နှစ်အရွယ် ကိုမင်းသည်လည်း မေတ္တာစံအိမ်၏ ထိုအစီအစဉ်တွင် အချိန်သုံးလကျော်ကြာ ပါဝင်တက်ရောက်ခဲ့သူဖြစ်သည်။ ၎င်းက ၂၀၂၁ ခုနှစ်တွင် မူးယစ်ဆေးဝါးများကို စတင်သုံးစွဲခဲ့သည်ဟု ဆိုသည်။

“ဆေးသုံးပြီးတော့ ကျွန်တော် အိပ်လို့မရတော့ဘူး။ ကျွန်တော့်မိသားစုတွေ ပြောတဲ့ အလုပ်တွေလည်း ကျွန်တော်မလုပ်နိုင်တော့ဘူး။ အမေ့ကို စိတ်ချမ်းသာပျော်ရွှင်စေချင်လို့ ကျွန်တော် ဒီကိုရောက်လာခဲ့တာပါ” ဟု ကိုမင်းက ပြောပြခဲ့သည်။

မေတ္တာစံအိမ်၏ အစီအစဉ်တွင် ကိုမင်း နှစ်သက်သည့်လေ့ကျင့်ခန်းသည် လမ်းလျှောက်ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ကျန်းမာ‌ရေးလည်း တိုးတက်ကောင်းမွန်လာပြီဟု ဆိုသည်။

“ကျွန်တော့်မှာ ဆီးချိုနဲ့ ကိုလက်စထရောဓာတ်တွေလည်း ကျသွားပြီ။ ဒီသင်တန်းဆင်းပြီးသွားရင် ကျွန်တော့်မိသားစု စီးပွား‌ရေးလုပ်ငန်းမှာ ကူညီပေးဖို့ စဉ်းစားထားတယ်”

ထို့ပြင် အသက် ၃၈ နှစ်အရွယ် ကိုခိုင်ဆိုသူကလည်း ရွယ်တူသူငယ်ချင်းများ၏ ဖိအားအကြောင်းကိုလည်း ပြစ်တင်ပြောဆိုခဲ့သည်။ “ကျွန်တော်က ဆိုးတဲ့သူငယ်ချင်းတွေရဲ့ လွှမ်းမိုးမှုတွေကို ခံခဲ့ရတယ်။ ဒါက ကျွန်တော်ရဲ့ ပထမဆုံး ပြန်လည်ထူထောင်‌ရေးအတွေ့အကြုံပါပဲ။ ပထမတော့ တော်တော်လေးကြောက်ခဲ့တယ်။ ဒါပေမဲ့ အခု ကျွန်တော် ရုပ်ပိုင်းရော စိတ်ပိုင်းရော ပိုပြီးကြံ့ခိုင်လာပါပြီ”

၎င်းသည် အဆိုပါ စင်တာမှ တစ်ကြိမ်ထွက်ပြေးခဲ့ဖူးပြီး မိသားစုဝင်များက ပြန်လည်ပို့ဆောင်ပို့ဆောင်ခြင်းခံရသူ ဖြစ်သည်။ ယင်းနောက်သုံးလအကြာ လက်ရှိအချိန်တွင်မူ ခန္ဓာကိုယ်ကြွက်သားများလည်း ကြံ့ခိုင်လာပြီဖြစ်ကာ မူးယစ်ဆေးကို မည်သည့်အခါမျှ ပြန်လည်သုံးစွဲတော့မည်မဟုတ်ကြောင်း ကိုခိုင်က ပြောပြခဲ့သည်။

“ဒီသင်တန်းပြီးသွားရင် ကျွန်တော့်အဖေရဲ့အလုပ်ကို ပြန်လုပ်မှာပါ။ အခြားသူတွေကို ကျွန်‌တော်ပြောချင်တာက မူးယစ်ဆေးကို လုံးဝအစမလုပ်ပါနဲ့။ အဲဒီဆေးက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တာ”

မိသားစုများစွာအတွက် မူးယစ်ဆေးဖြတ်ရေးခရီးစဉ်မှာ နာကျင်ဖွယ်ရာများပင်ဖြစ်သည်။ အသက် ၅၇ နှစ်အရွယ် ဦးထွန်းသည် စိတ်ကြွရူးသွပ်ဆေး အိုက်စ် (ICE) စွဲနေသည့် သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကိုဝေအား ဆေးဖြတ်ရန် ပြန်လည်ထူထောင်ရေးစင်တာသို့ ပို့ဆောင်ခဲ့သည်။

“ကျွန်‌တော်တို့ လျစ်လျူရှုမှုကြောင့် သားက ဒီလမ်းကြောင်းထဲကို ရောက်သွားတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အခက်အခဲရှိရင် ဖြေရှင်းလိုက်တာပိုကောင်းတယ်လေ။ အခု ဒီမှာ ခြောက်လလောက်ကြာပြီးတဲ့နောက် သားရဲ့မျက်လုံးတွေ၊ ကိုယ်ဟန်အမူအရာတွေနဲ့ အပြုအမူတွေက ပြောင်းလဲသွားတာတွေ့ရတယ်” ဟု ဦးထွန်းက ဆိုသည်။

၎င်းတို့နှင့် ဘဝတူမိသားစုများကိုလည်း ဦးထွန်းက “အရှုံးမပေးကြပါနဲ့။ ကုသတာနဲ့ ပြန်လည်ထူထောင်တာက လူ့အသက်တွေကို ကယ်တင်နိုင်တယ်” ဟု ရှင်းလင်းလှသော သတင်းစကားပါးခဲ့သည်။

မူးယစ်ဆေးစွဲသူများအတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာ စေတနာ့ဝန်ထမ်းလုပ်ဆောင်ပေးခဲ့သူ၊ ဟာသသရုပ်ဆောင် ဦးချစ်ချောသည် မူးယစ်ဆေးစွဲသူများအား ပံ့ပိုးကူညီရေးအဖွဲ့တွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။

“မူးယစ်ဆေးစွဲနေသူတွေ ပုံမှန်ပြန်ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို ပြန်လည်ရောက်ရှိလာဖို့ ကျွန်တော် ကူညီပေးနေတာပါ။ ဒါကတော့ ပန်းတိုင်ပါပဲ။ ဒါပေမဲ့ လမ်းတွေပေါ်မှာ မူးယစ်ဆေးစွဲသူတွေ ပိုပိုပြီးတွေ့လာရတယ်။ အသိပညာပေးတာတွေ ပြန်လည်ထူထောင်ရေးတွေလည်း အရင်ကထက်ပိုအရေးကြီးလာတယ် အရေးတကြီး ပိုမိုလိုအပ်နေတုန်းပါပဲ” ဟု ၎င်းက ပြောခဲ့သည်။

မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး ဥက္ကဋ္ဌနှင့် စင်တာအား တည်ထောင်သူ ဦးစံရှိန်က အဆိုပါ စင်တာအား စတင်တည်ထောင်ချိန်က မူးယစ်ဆေးဖြတ်သူ ငါးဦးဖြင့်သာ စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။ ယနေ့တွင်မူ ထိုစံအိမ်တွင် လူဦးရေ ၁၈၀ ခန့်အထိ ရှိလာပြီဖြစ်သည်။ “အနာဂတ်မှာ ကျွန်တော်တို့ မူးယစ်ဆေးဖြတ်သူတွေအတွက် ဆေးရုံတစ်ရုံ တည်ဆောက်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ဒီမှာက မနက် ၆ နာရီကနေ ည ၈ နာရီအထိ သူတို့တွေက ကိုယ်ကာယလေ့ကျင့်ခန်း၊ တရားထိုင်၊ နှစ်သိမ့်ဆွေးနွေး၊ စာဖတ်တာနဲ့ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာပညာ‌ပေးတွေ စတဲ့ အစီအစဉ်အများကြီး လုပ်ကြရတယ်” ဟု ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးသူ ၁၅ ဦး ပါဝင်သောအဖွဲ့အား ကြီးကြပ်လျက်ရှိသည့် ဦးစံရှိန်က ပြောခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ပြန်လည်ထူထောင်ရေးစင်တာ ၁၄ ခု၌ မူးယစ်ဆေးဖြတ်သူ ၂၆,၉၆၄ ဦးအား ကုသမှုပေးခဲ့ကာ ၎င်းတို့၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်လာစေရန်နှင့် ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်စေရန် ပံ့ပိုးကူညီပေးခဲ့ကြောင်း တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး မြို့များ၌ ဖမ်းဆီးရမိသော ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၇.၉၅ သန်းရှိ မူးယစ်ဆေးဝါးများကို ဇွန် ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကိုဖြိုးက အသိပညာပေးသတင်းစကားကို ယခုလိုပြောကြားခဲ့သည်။

“မူးယစ်ဆေးတွေကို ဘယ်တော့မှမစမ်းကြည့်ပါနဲ့။ မူးယစ်ဆေးတွေနဲ့ ယှဉ်တွဲပြီးတော့ အတူနေလို့မရသလို ဘာအလုပ်မှလည်းလုပ်နိုင်မှာမဟုတ်ပါဘူး။ ဆေးစွဲရင်းနဲ့ အဆင်ပြေနိုင်တယ်ဆိုတဲ့သူ တစ်ယောက်မှကို ကျွန်တော် မတွေ့ဖူးသေးပါဘူး။ တောက်လျှောက်ကို ဆိုးဆိုးဝါးဝါးနဲ့ အဆုံးသတ်သွားရတာပါပဲ”

လူအများ၏ ယုံကြည်မှုအား လွယ်လွယ်နှင့် ပြန်လည်ရရှိနိုင်ဦးမည်တော့မဟုတ်ကြောင်းကိုမူ ကိုဖြိုးအနေဖြင့် သိရှိထားပြီးဖြစ်သည်။ သို့ရာတွင် ၎င်းအနေဖြင့် ထိုအရာကို ပြန်လည်ရယူရန် အသင့်ရှိနေပြီဖြစ်သည်။ “ကျွန်တော်ဆုံးရှုံးခဲ့တာတွေအားလုံးကို ပြန်လည်တည်ဆောက်ယူချင်ပါတယ်။ ကျွန်တော် နှစ်ပေါင်းနှစ်ဆယ်ကျော်လောက် အချိန်ဖြုန်းခဲ့ပြီးပါပြီ။ နောက်ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး” (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပြန်လည်ထူထောင်ရေးစင်တာတွင် ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်နေသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများကို ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပြန်လည်ထူထောင်ရေးစင်တာတွင် မူးယစ်ဆေးဖြတ်သင်တန်းဆင်းအခမ်းအနား တက်ရောက်နေသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများကို ၂၀၂၅ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)