Connect with us

Culture & Entertainment

မြန်မာနိုင်ငံတွင် “မြန်မာ့သဘင်နေ့” အမြန်ဆုံး သတ်မှတ်နိုင်ရန် စီစဉ်လျက်ရှိ

စတုတ္ထအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်သက်ကြီးပူဇော်ပွဲအား ကျင်းပခဲ့စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို))

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
မြန်မာ့သဘင်နေ့ အမြန်ဆုံး သတ်မှတ်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) မှ တာဝန်ရှိသူ ဦးကျော်ဦးက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
ဦးကျော်ဦးက “သဘင်နေ့ သတ်မှတ်လိုက်တဲ့ အတွက် သားစဉ်မြေးဆက်က နေ့သတ်မှတ်ပြီးတာနဲ့ သဘင်နေ့ဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။ အခုက ရုပ်ရှင်မှာဆိုရင်လည်း ရုပ်ရှင်နေ့ဆိုတာရှိသလို ဂီတမှာလည်း ဂီတနေ့ဆိုတာရှိတယ်။ ကျွန်တော်တို့ သဘင်မှာကျတော့ သဘင်နေ့ရယ်လို့ မသတ်မှတ်ဖြစ်သေးတာပေါ့” ဟုပြောသည်။
မြန်မာ့သဘင်သည် ပျူခေတ်မှစတင်ကာ အတီး၊ အမှုတ်၊ အကများနှင့် စတင်အခြေပြုသည့် အထောက်အထားများရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အမြတ်တနိုးတန်ဖိုးထား ထိန်းသိမ်းအပ်သည့် အမျိုးသားယဉ်ကျေးမှု အနုပညာတစ်ရပ်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဦးကျော်ဦးက “သဘင်နေ့ လုပ်ခြင်းအားဖြင့် သားစဉ်မြေးဆက်က ဒါလေးကို လက်ဆင့်ကမ်းတဲ့အနေနဲ့ အမှတ်တရရှိမယ့်နေ့လေးတစ်နေ့ဖြစ်အောင် အခုလိုစီစဉ်တာ။ သဘင်နေ့နဲ့ ပတ်သက်တဲ့ ပွဲလေးတွေ ကျင်းပတဲ့အခါ လူတွေကပိုစိတ်ဝင်စားမှာဖြစ်ပါတယ်” ဟုပြောသည်။
ယခုအခါတွင် မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)က ကမကထပြုပြီး “မြန်မာသဘင်နေ့” သတ်မှတ်နိုင်ရေးအတွက် အနုပညာနယ်ပယ်အသီးသီး၊ သမိုင်းပညာရှင် အသီးသီးနှင့် အတတ်ပညာရှင်အသီးသီးတို့ကို ဖိတ်ခေါ်၍ အလုပ်ရုံဆွေးနွေးပွဲများလည်း ကျင်းပသွားရန်ရှိကြောင်း ၎င်းက ဆိုသည်။
“အလုပ်ရုံဆွေးနွေးပွဲတွေမှာ ပညာရှင်တွေကို ဖိတ်ခေါ်ပြီးဆွေးနွေးခြင်းအားဖြင့် မျိုးဆက်သစ် လူငယ်တွေအတွက် အတွေ့အကြုံတွေ ရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သဘင်ဆိုတာ လူတန်းစား အလွှာပေါင်းစုံ ပါဝင်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် သဘင်လောကမှာက အင်အားများတယ်။ သဘင်လုပ်သားကြီးပဲ ၃ သိန်းကျော်လောက်ရှိတယ်။ သဘင်လောကက ကျယ်ပြန့်ပါတယ်။ သဘင်နေ့ သတ်မှတ်ပြီးလို့ လူထုက ပိုစိတ်ဝင်စားလာရင် သဘင်လောကလည်း ပိုတိုးတက်လာမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
ထို့ကြောင့် “မြန်မာ့သဘင်နေ့” သတ်မှတ်နိုင်ရေးနှင့် စပ်လျဉ်းသည့် အကြံဉာဏ်များ၊ သမိုင်းအချက်အလက်နှင့် သတင်းအချက်အလက်များကို ဆက်သွယ်ပေးပို့ကြရန် မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)က အောက်တိုဘာ ၁၂ ရက်၌ သတင်းထုတ်ပြန်ထားသည်။ (Xinhua)

စတုတ္ထအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်သက်ကြီးပူဇော်ပွဲအား ကျင်းပခဲ့စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို))

စတုတ္ထအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်သက်ကြီးပူဇော်ပွဲအား ကျင်းပခဲ့စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို))

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.