Connect with us

Media

မြန်မာ့ဒူးရင်းသီးကို ကမ္ဘာ့ဒူးရင်းဈေးကွက်သို့ တင်ပို့နိုင်ရန် အရှိန်မြှင့် ပြင်ဆင်လျက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း မြန်မာ့ဒူးရင်းသီးကို ကမ္ဘာ့ဒူးရင်းဈေးကွက်သို့ တင်ပို့နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌ ဦးကျော်မင်းက ဆင်ဟွာသို့ နိုဝင်ဘာ ၂၂ ရက်တွင် ပြောသည်။
မြန်မာနိုင်ငံတွင် တန်ဖိုးမြှင့်ဒူးရင်းသီး စိုက်ပျိုးထုတ်လုပ်ခြင်းကို အားပေးကူညီရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ ကျွမ်းကျင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များလာရောက်၍ ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံ ဒူးရင်း စိုက်ပျိုး‌ရောင်းချသူများအစုအဖွဲ့ အနေဖြင့် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ၏ ဒူးရင်းလုပ်ငန်းကို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာရန် မျှော်မှန်းထားပြီး ဒူးရင်းတင်ပို့မှုမှတစ်ဆင့် နိုင်ငံအတွက် နိုင်ငံခြား ၀င်ငွေရရှိစေမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့ မှ နာယက ဒေါက်တာမြင့်စိန်က တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အာရှ ဒူးရင်း ထိပ်သီးအစည်းအဝေးကဲ့သို့သော နိုင်ငံတကာပွဲများတွင် မြန်မာနိုင်ငံ၏ ဒူးရင်းများကို အရောင်းမြှင့်တင်ရန် ဆွေးနွေးမိတ်ဆက်လျက်ရှိပြီး ပြပွဲသို့တက်ရောက်လာကြသူများက စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမြေနေရာပေါများသော်လည်း တန်ဖိုးမြှင့်ထုတ်ကုန် အများအပြားထုတ်လုပ်နိုင်ခြင်းနှင့် ယင်းသို့ထုတ်လုပ်နိုင်မည့် လုပ်ငန်းစဉ်စွမ်းဆောင်နိုင်မှုတွင် အားနည်းချက်များရှိသေးကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုကိုအားဖြည့်ပြီး နည်းပညာအဆင့်မြှင့်ခြင်းသည် ပို့ကုန်သိသိသာသာတိုးတက်ရေးကို အထောက်အကူဖြစ်စေကြောင်း ၎င်းက ဆိုသည်။ တရုတ်နိုင်ငံ၏ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်နှင့် လတ်ဆတ်ပြီး တန်ဖိုးမြှင့် ဒူးရင်း ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုများ အပါအဝင် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ တရုတ်နိုင်ငံကိုသာ ဒူးရင်းသီး တင်ပို့ခွင့်ရမယ်ဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့၊ ဓါတုဓာတ်ကြွင်းကင်းတဲ့ အရသာကောင်းမွန်တဲ့ သီးနှံတွေတင်ပို့သွားဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ အတွင်းရေးမှူး ဦးဖေတိုက်အောင်က ဆင်ဟွာသို့ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဒူးရင်းလုပ်ငန်း ဖွံ့ဖြိုးလာခဲ့ရင် ဒေသခံတောင်သူတွေရဲ့ ဘဝကို မြှင့်တင်ပေးနိုင်မှာဖြစ်သလို နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်မှုလည်း သိသိသာသာ အထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.