International Organizations
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးအသင်းတွင် နေမာ ပြန်လည်ရွေးချယ်ခံရ
ရီယိုဒီဂျနေးရိုး၊ မေ ၁၉ ရက် (ဆင်ဟွာ)
လာမည့်ဇွန်လတွင် ကျင်းပမည့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးအသင်းလူစာရင်းကို မေ ၁၈ ရက်က အပြီးသတ်ထုတ်ပြန်ခဲ့ရာ တိုက်စစ်မှူးနေမာ ပါဝင်လာခဲ့သဖြင့် နိုင်ငံအသင်းနှင့် နှစ်နှစ်ခွဲကျော်ကြာ ဝေးကွာနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါ ဆန်းတို့စ် ကြယ်ပွင့်ကစားသမားမှာ ဘရာဇီးအသင်းနည်းပြ ကာလို အန်ဆယ်လော့တီ နောက်ဆုံးရွေးချယ်ခဲ့သည့် ကစားသမားများအနက် တစ်ဦးအပါအဝင်ဖြစ်ကာ လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ကစားသမား ရွေးချယ်မှုနှင့်ပတ်သက်၍ ဘရာဇီးမီဒီယာများကို လွှမ်းမိုးထားခဲ့သည့် အချေအတင် ဆွေးနွေးသုံးသပ်မှုများကို အဆုံးသတ်စေခဲ့သည်။
“နေမာကို သင့်တော်တဲ့ အရန်ကစားသမားတစ်ယောက် အနေနဲ့မဟုတ်ဘဲ သူ့ရဲ့အရည်အသွေးတွေနဲ့ အသင်းကို ပံ့ပိုးပေးနိုင်မယ်လို့ ယူဆတဲ့အတွက် ရွေးချယ်ခဲ့တာပါ” ဟု ရီယိုဒီဂျနေးရိုးမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အန်ဆယ်လော့တီက ပြောသည်။
“သူ တစ်မိနစ်ပဲဖြစ်ဖြစ် မိနစ် ၉၀ လုံးလုံး ဝင်ကစားတာပဲဖြစ်ဖြစ်… ကွင်းထဲမှာရှိနေတဲ့ အချိန်အတိုင်းအတာအတွင်း ပြသနိုင်တဲ့ အရည်အသွေးကို အာရုံစိုက်ရမယ်လို့ ထင်ပါတယ်။ သူ ပွဲကစားဖို့ထိုက်တန်မယ်ဆိုရင် ကစားခွင့်ရမှာပါ။ လေ့ကျင့်ရေးကွင်းမှာ အဲဒါကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ကစားသမားတစ်ယောက်တည်းအပေါ်မှာ စုပြုံပြီး မျှော်လင့်ချက်မထားဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဘရာဇီးအသင်းအတွက် နိုင်ငံတကာပွဲပေါင်း ၁၂၈ ပွဲတွင် ၇၉ ဂိုး သွင်းယူထားကာ အသင်း၏ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သည့် နေမာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဥရုဂွေးအသင်းနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်၌ ဘရာဇီးအသင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့ခြင်းဖြစ်ကာ ထိုပွဲစဉ်၌ ပြင်းထန် ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက်ပိုင်းတွင် ဘာစီလိုနာနှင့် ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်းမှာ ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်ခဲ့ရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၃၈ ပွဲ ကစားခဲ့ရာ ၁၇ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
“ကျွန်တော်တို့ နေမာရဲ့အခြေအနေကို တစ်နှစ်လုံးလုံး စောင့်ကြည့်အကဲဖြတ်ခဲ့တာပါ။ သူက အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို လာမယ့်ကမ္ဘာ့ဖလားမှာလည်း အရေးပါတဲ့သူဖြစ်လာမှာပါ။ တခြား ကစားသမား ၂၅ ယောက်လိုပဲ သူ့မှာ တူညီတဲ့အခန်းကဏ္ဍတွေ၊ တာဝန်ဝတ္တရားတွေ ရှိပါတယ်” ဟု အန်ဆယ်လော့တီက ဆိုသည်။
ဘရာဇီးအသင်းအတွက် ကစားသမား ၂၆ ဦးစာရင်း အပြီးသတ်ရွေးချယ်မှုမှာ လွန်ခဲ့သော သီတင်းပတ်များအတွင်း ဘရာဇီးတစ်နိုင်ငံလုံးက အကြိတ်အနယ် ဆွေးနွေးခဲ့သည့် အကြောင်းအရာဖြစ်ခဲ့ကာ လက်ရှိကစားသမားများနှင့် ကစားသမားဟောင်းများကလည်း မည်သူအား ရွေးချယ်သင့်သည်ဆိုသည့်အပေါ် ၎င်းတို့၏ထင်မြင်ချက်များကို ပြောကြားခဲ့သည်။
ထိုသို့ဆွေးနွေးပြောဆိုမှုမှာ ပြည်ပသို့ခရီးထွက်ချိန် လေယာဉ်ပေါ်၌ပါမကျန် နေရာအသီးသီး၌ ၎င်း၏နောက်သို့ ထက်ကြပ်မကွာ လိုက်ပါလာခဲ့သည်ဟု အန်ဆယ်လော့တီက ဖွင့်ဟခဲ့သည်။
“ကမ္ဘာအနှံ့က သတင်းထောက်တွေ၊ ဘောလုံးဝေဖန်သုံးသပ်သူတွေ၊ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးတဲ့သူတွေ၊ အဆိုတော်တွေ၊ ကစားသမားတွေ၊ ကစားသမားဟောင်းတွေဆီက အကြံဉာဏ်တွေ အများကြီးရခဲ့တယ်။ ကျွန်တော် ဥရောပကိုသွားတုန်းကဆိုရင် လေယာဉ်မှူးကတောင် ကျွန်တော့်ကို ဘယ်ကစားသမားကို ရွေးမလဲလို့ မေးသေးတယ်” ဟု ၎င်းက ပြောသည်။
နေမာမှာ လက်ရှိခြေစွမ်းကြောင့် ရွေးချယ်ခံခဲ့ရခြင်း မဟုတ်ကြောင်း အဆိုပါ ရီးရဲလ်မက်ဒရစ် နည်းပြချုပ်ဟောင်းက ဝန်ခံခဲ့သည်။
နေမာမှာ ဘရာဇီးအသင်း၌ ပြန်လည်ပါဝင်လာခဲ့သော်လည်း အခြားသော ကစားသမားအချို့မှာမူ ကံမကောင်းစွာဖြင့် လွဲချော်ခဲ့ရသည်။ အဆိုပါကစားသမားများထဲတွင် ချဲလ်ဆီးအသင်းမှ ဂျာအို ပက်ဒရိုနှင့် အန်ဒရေ ဆန်းတို့စ်တို့အပြင် ပေါ်တိုအသင်းမှ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားလည်း ပါဝင်နေသည်။
ဂရီမီယိုအသင်းဂိုးသမား ဝီဗာတန်နှင့် ဘုန်းမောက်အသင်း တောင်ပံကစားသမား ရာယန်တို့မှာမူ အပြီးသတ်လူစာရင်းတွင် မထင်မှတ်ဘဲ ပါဝင်လာခဲ့သည်။
ဘရာဇီး တိုက်စစ်ကစားသမားများဖြစ်သည့် ရိုဒရီဂိုနှင့် အက်စတီဗာအိုတို့မှာလည်း ဒဏ်ရာပြဿနာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်မည်ဖြစ်သည်။
ဘရာဇီးအသင်းအနေဖြင့် ကမ္ဘာ့ဖလား အုပ်စု-C အဖွင့်ပွဲစဉ်အဖြစ် နယူးဂျာစီတွင် ဇွန် ၁၃ ရက်၌ မော်ရိုကိုအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ထို့နောက် ဟေတီ၊ စကော့တလန်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)

၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်က ဘိုလီဗီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်၌ ဂိုးသွင်းပြီးနောက် နေမာ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၂၆ ဦးစာရင်းကို ကြေညာသည့် သတင်းစာရှင်းလင်းပွဲ၌ ဘရာဇီးအသင်းနည်းပြချုပ် ကာလို အန်ဆယ်လော့တီအား ၂၀၂၆ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Neymar earns Brazil World Cup recall
RIO DE JANEIRO, May 18 (Xinhua) — Neymar was named in Brazil’s squad on Monday for next month’s FIFA World Cup, ending an absence of more than two and a half years from the national team.
The Santos star was one of the last names read out by manager Carlo Ancelotti, ending a selection debate that has dominated Brazil’s media in recent weeks.
“We chose Neymar not because we think he will be a good backup, but because he can add to the team with his qualities,” Ancelotti told a news conference in Rio de Janeiro.
“Whether he plays one minute or 90 minutes… I think we have to focus on the quality of the minutes collectively on the pitch. He will play if he deserves to play. Training will decide that. I think it is important not to place all the expectations on one player.”
The 34-year-old, Brazil’s all-time leading scorer with 79 goals in 128 international matches, last played for Brazil in October 2023, when he suffered a ruptured anterior cruciate ligament in a World Cup qualifier against Uruguay.
The former Barcelona and Paris Saint-Germain forward has since struggled with injuries, managing only 17 goals in 38 appearances across all competitions after returning to boyhood club Santos in January last year.
“We evaluated Neymar throughout the year. He is an important player and he will be important in this World Cup,” Ancelotti said. “He has the same role, obligation and responsibility as the other 25 players.”
The composition of Brazil’s final 26-man squad was the subject of fierce discussion across Brazil in recent weeks, with current and former players expressing their views on who should be selected.
Ancelotti revealed that the conversation had followed him everywhere, including on a plane during an international trip.
“I received a lot of advice, a lot. Journalists, commentators, influencers, singers, players, former players, everywhere in the world, because I flew to Europe and the pilot asked me: ‘Who are you going to call up?’,” Ancelotti said.
The former Real Madrid head coach acknowledged Neymar had not earned his place on recent form.
While Neymar was celebrating his return, several other players were considered unlucky to miss out. These included Chelsea pair Joao Pedro and Andrey Santos, and veteran Porto defender Thiago Silva.
Among the surprise call-ups were Gremio goalkeeper Weverton and Bournemouth winger Rayan.
Absentees included forwards Rodrygo and Estevao, who were ruled out of the tournament with injuries.
Brazil will begin its World Cup campaign against Morocco in New Jersey on June 13 before meeting Haiti and Scotland in Group C.
English Caption 1
Carlo Ancelotti, head coach of Brazil’s national football team speaks during a press conference announcing the 26-player squad for the 2026 FIFA World Cup in Rio de Janeiro, Brazil, May 18, 2026. (Photo by Daniel Ramalho/Xinhua)
English Caption 2
Neymar celebrates a goal during the 2026 World Cup qualifier against Bolivia, Sept. 8, 2023. (Photo by Lucio Tavora/Xinhua)
English Caption 3
Carlo Ancelotti, head coach of Brazil’s national football team reacts during a press conference announcing the 26-player squad for the 2026 FIFA World Cup in Rio de Janeiro, Brazil, May 18, 2026. (Photo by Daniel Ramalho/Xinhua)
