Connect with us

ASEAN

ဂျပန်နိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူ ၄၈၀ ဦး အထိ မြင့်တက်လာ ၊ သေဆုံးသူ ၁၄ ဦးရှိပြီဖြစ်

ဂျပန်နိုင်ငံ တိုကျိုမြို့၌ နှာခေါင်းစည်းများ တပ်ဆင်၍ သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ မတ် ၉ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ၌ နောက်ထပ် လူပေါင်း ၃၃ ဦး COVID-19 ရောဂါ ထပ်မံကူးစက်ခံရသဖြင့်  ယနေ့ မတ် ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲအထိ နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူပေါင်း  ၄၄၀ ဦး ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဂျပန်အစိုးရက ထုတ်ဖော်ပြောကြားလိုက်သည်။ 

အဆိုပါ ရောဂါအတည်ပြု လူနာ ၄၈၀ ဦးတွင် ယိုကိုဟာမား၌ စောင့်ကြပ်ကြည့်ရှုမှုအောက်တွင် ထားရှိသော Diamond Princess သင်္ဘောမှ လူများ ပါဝင်ခြင်း မရှိဘဲ အများစုမှာ ဂျပန်နိုင်ငံ မြောက်ဘက်ရှိ ဟိုကိုင်ဒို စီရင်စုမှ ဖြစ်ကြောင်း ၊ ရောဂါ ဖြစ်ပွားသူ ၁၀၁ ဦး ရှိလာချိန်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း သိရသည်။ 

ကျန်းမာရေး ဝန်ကြီးဌာန နှင့် ဒေသ အာဏာပိုင်များထံမှ နောက်ဆုံး ရရှိသော စာရင်းအချက်အလက်များ အရ Aichi စီရင်စုတွင် ရောဂါ ဖြစ်ပွားသူ ၈၀ ဦး ရှိပြီး တိုကျိုမြို့၌ ၆၄ ဦး နှင့် အိုဆာကာမြို့၌ ၅၅ ဦး ရှိကြောင်း သိရသည်။ လတ်တလောတွင် ရောဂါအပြင်းအထန် ဝေဒနာ ခံစားနေရသည့် လူနာ ၃၁ ဦး ရှိပြီး ၎င်းတို့အား အောက်ဆီဂျင် ထောက်ပံ့ပေးသည့် အသက်ရှုကိရိယာ အကူအညီ သို့မဟုတ် ဆေးကုသရေးဆိုင်ရာ အထူးကြပ်မတ်ဆောင်(ICU)၌ ထားရှိ ကုသပေးလျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။လက်ရှိတွင် ဗိုင်းရပ်စ်ရောဂါကြောင့် ဂျပန်နိုင်ငံ၌ သေဆုံးသူ အရေအတွက်မှာ ၁၄ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။ ဂျပန်နိုင်ငံ၌ COVID-19 လူနာ ၃၁၁ ဦးမှာ ရောဂါလက္ခဏာများ သက်သာလာခဲ့ပြီးနောက် ဆေးရုံမှ ဆင်းသွားခဲ့ပြီ ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)