Connect with us

CHINA

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးလေးမျိုး လက်တွေ့စမ်းသပ်မှုအဆင့် ၃ လုပ်ဆောင်နေ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ Sinovac Biotech ကုမ္ပဏီလီမိတက်တွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာကို ဝန်ထမ်းတစ်ဦးက ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးလေးမျိုးသည် နိုင်ငံတကာ လက်တွေ့စမ်းသပ်မှုအဆင့် ၃ စတင်နေပြီဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ COVID-19 တိုက်ဖျက် ကာကွယ် ထိန်းချုပ်ရေး ပူးတွဲယန္တရားအရ သိရသည်။ 

အဆင့် ၃  လက်တွေ့စမ်းသပ်မှုများအနက် အချို့မှာ စက်တင်ဘာ လဆန်းပိုင်းတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း ပြီးစီးမည်ဟု မျှော်မှန်းထားပြီး ကနဦးအချက်အလက်များကို နိုဝင်ဘာလအစောဆုံးတွင် ရရှိရန်မျှော်မှန်းထားသည်။ 

အဆင့် ၃ လက်တွေ့စမ်းသပ်မှုများတွင် လူထောင်ပေါင်းများစွာ ပါဝင်လေ့ရှိပြီး ဘေးကင်း၍ ထိရောက်သော ကာကွယ်ဆေးများဖြစ်ရန် စိစစ်အတည်ပြုသွားမည် ဖြစ်ကာ ယင်းတို့မှာ ဈေးကွက်ခွင့်ပြုချက်ရရှိရန် အရေးကြီးကြောင်း သိရသည်။ 

အဆိုပါ ကူးစက်ရောဂါမှာ တရုတ်နိုင်ငံတွင် ထိန်းချုပ်သွားနိုင်ပြီဖြစ်သဖြင့် လက်တွေ့စမ်းသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် အခြေအနေမရှိသဖြင့် လက်တွေ့စမ်းသပ်မှု အဆင့် ၃ အားလုံးကို နိုင်ငံရပ်ခြား၌ ပြုလုပ်ရခြင်း ဖြစ်သည်။ 

China National Biotec Group (CNBG) က ဖော်ထုတ်ထားသော COVID-19 ကာကွယ်ဆေး (inactivated COVID-19 vaccines) နှစ်မျိုးသည် အရှေ့အလယ်ပိုင်းနှင့် တောင်အမေရိကတိုက်ရှိ နိုင်ငံများစွာတွင် လူဦးရေ ၃၀,၀၀၀ ကျော် ပါဝင်မည့် လက်တွေ့စမ်းသပ်မှု အဆင့် ၃ အတွက် ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ကြောင်း CNBG ဥက္ကဋ္ဌ ယန်ရှောက်မင်က ပြောခဲ့သည်။ 

Sinovac Biotech ကုမ္ပဏီလီမိတက်က ဖော်ထုတ်ထားသော COVID-19 ကာကွယ်ဆေး (inactivated COVID-19 vaccine) သည် တောင်အမေရိကတိုက်နှင့် အရှေ့တောင်အာရှရှိ နိုင်ငံအချို့၌ လက်တွေ့စမ်းသပ်မှု အဆင့် ၃ ပြုလုပ်နေပြီဖြစ်ကြောင်း Sinovac ၏ ဥက္ကဋ္ဌနှင့် စီအီးအို ယင်ဝေတုံက ဆိုသည်။ 

အမျိုးသား ဆေးဘက်ဆိုင်ရာထုတ်ကုန်များဦးစီးဌာနက လတ်တလောထုတ်ပြန်ထားသော COVID-19 ကာကွယ်ဆေးလက်တွေ့အကဲဖြတ်မှုဆိုင်ရာ လမ်းညွှန်ချက်များအရ ကာကွယ်ဆေးသည် အနည်းဆုံး ၆ လ၊ ဖြစ်နိုင်ပါက တစ်နှစ်ကျော်ကြာ ကိုယ်ခံအားကို ထောက်ပံ့ပေးသင့်ကြောင်း သိရသည်။  (Xinhua)