Connect with us

MYANMAR

COVID-19 ကာကွယ်ကုသဆေးများ ပေါ်လာသည်နှင့်အမျှ အချိန်နှင့်တစ်ပြေးညီ အမြန်ရောက်နိုင်အောင် စီစဉ်နေဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း ပြောကြားစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office)

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

COVID-19 ကာကွယ်ကုသဆေးများ ပေါ်လာသည်နှင့်အမျှ အချိန်နှင့်တစ်ပြေးညီ မြန်မာနိုင်ငံကို မြန်နိုင်သမျှ မြန်မြန် ရောက်နိုင်အောင် ယခုကတည်းက စီစဉ်နေကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ စက်တင်ဘာ ၂၁ ရက်တွင် နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အခုဆိုရင်တော့ တချို့နိုင်ငံတွေမှာ COVID-19 ကုသဖို့ဆေးကို အားထုတ်ပြီးတော့ ထုတ်လုပ်နေတာ ရှိတယ်။ တချို့တွေကျတော့ ကာကွယ်ဆေးကို အားထုတ်ပြီး ထုတ်လုပ်နေကြတာ ရှိတယ်။ တချို့ကျတော့ နှစ်မျိုးစလုံးကို အားထုတ်ပြီးတော့ ထုတ်လုပ်နေတာ ရှိတယ်။ကျွန်မတို့နိုင်ငံအနေနဲ့ ပြောရမယ်ဆိုရင် ကာကွယ်ဆေးထုတ်လုပ်နိုင်တဲ့အခြေအနေ၊ နောက်ပြီးတော့ ကုသဆေးထုတ်လုပ်နိုင်တဲ့အခြေအနေ မရှိပေမယ့် ဒီလိုဆေးတွေပေါ်လာ တာနဲ့အမျှ အချိန်နဲ့တစ်ပြေးညီ ကျွန်မတို့နိုင်ငံကို မြန်နိုင်သလောက်မြန်မြန် ရောက်နိုင်အောင် ဆိုပြီး ကျွန်မတို့ အခုကတည်းကနေပြီး စီစဉ်နေပါတယ်။”ဟု ပြောကြားခဲ့သည်။

ယခုချိန်တွင် အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် အားလုံး အားစိုက်ရမည် ဖြစ်ကြောင်းလည်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆေးရုံများ လုံလုံ လောက်လောက်ရှိရန် ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်အစိုးရများနှင့် ပေါင်းစပ်၍ Quarantine စင်တာများ လုံလုံလောက်လောက် ရှိရန် ၊ အဆိုပါ Quarantine စင်တာများထဲတွင် စေတနာ့ဝန်ထမ်းများ ၊ လိုအပ်သည့် တခြားဝန်ထမ်းများ ၊ ပစ္စည်းပစ္စယများ လုံလောက်ရန် ၊ ဆေးရုံများတွင်လည်း ဆေးပစ္စည်းများ ၊ ဆေးဝါးများ အားလုံး လုံလောက်ရန် လုပ်နေကြောင်း ၊ ယင်းတို့အတွက် ဘဏ္ဍာငွေ လုံလောက်ရန် နိုင်ငံတော်အစိုးရ၏ စီမံဘဏ္ဍာဘက်မှ လုပ်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“အခု ပြည်သူတွေအတွက် COVID-19 နဲ့ပတ်သက်ပြီးတော့ လုပ်တယ်ဆိုတဲ့အခါမှာ အခု လောလောဆယ် ကိစ္စတွေကိုသာ ကျွန်မတို့ ကြည့်တာမဟုတ်ပါဘူး။ နောင်ဖြစ်လာမယ့် ကိစ္စတွေကို ကြည့်ပါတယ်။ COVID-19 အလွန်ကာလမှာ ကျွန်မတို့ စီးပွားရေး မကျဆင်းအောင်လို့ အတိုင်းအတာအထိ စီးပွားရေးအခက်အခဲတွေကတော့ ဖြစ်မှာပါ။ ဒါတစ်ကမ္ဘာလုံးမှာ ဖြစ်နေတယ်ဆိုတာလည်း ကျွန်မတို့ပြည်သူတွေ သိပြီးသားဖြစ်မှာပါ။ စီးပွားရေး အတိုးတက်ဆုံး နိုင်ငံတွေ၊ စီးပွားရေးအကောင်းဆုံးနိုင်ငံတွေမှာတောင်မှ COVID-19 ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုတွေက ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီဟာတွေဟာ ကျွန်မတို့ပြည်သူတွေ အပေါ်မှာ အနည်းဆုံး ထိခိုက်မှုရှိအောင် ဆိုပြီးတော့ ကျွန်မတို့ ပြင်ဆင်ထားပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၀ ရက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၌ ကိုကိုးကျွန်းမြို့နယ်မှအပ မြို့နယ်အားလုံးတွင် Stay at Home မိမိနေအိမ်၌သာ နေထိုင်ကြရန် စည်းမျဉ်းစည်းကမ်းများ တိတိကျကျ တင်းတင်းကျပ်ကျပ် ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)