Social
လူထူအခြေပြု ခရီးသွားလာမှု လုပ်ငန်း မြှင့်တင်ရေးအား ဆက်လက် ဖော်ဆောင်မည်
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ရက်ပေါင်းတစ်ရာ အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ အနက် တခုအပါအဝင်ဖြစ်သည့် လူထုအခြေပြု ခရီးသွားလာမှု လုပ်ငန်း မြှင့်တင်ရေး စီမံကိန်း (CBT) ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။
အဆိုပါ စီမံကိန်းကို လက်ရှိတွင် ချင်းပြည်နယ်ရှိ ကျေးရွာငါးရွာ၊ မကွေးတိုင်းဒေသကြီး ယောဒေသ ရှိကျေးရွာ ငါးရွာ၊ မကွေးတိုင်းဒေသကြီး စလေမြို့နယ်ရှိ ကျေးရွာ ခြောက်ရွာတို့တွင် ဖော်ဆောင်နေကြောင်း သိရသည်။ ထို့အပြင် အင်းတော်ကြီးဒေသ ဧရာဝတီမြစ် အတွင်းရှိ လင်းပိုင်များ ကြည့်ရှုခြင်း၊ အင်းလေးကန် အရှေ့ဘက် ပအိုဝ်းဒေသရှိ ကျေးရွာ၊ ကယားပြည်နယ် လွိုင်ကော်ရှိ ကယန်းရွာများနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးတို့၌လည်း စတင် အကောင်အထည် ဖော်နေကြောင်း သိရသည်။
အဆိုပါ လူထုအခြေပြု ခရီးသွားလုပ်ငန်း မြင့်မားစေနိုင်ရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ ကန်ချနာ ယူနာပြည်နယ်ရှိ CBT ကျေးရွာ Ban Nang Khao သို့ သွားရောက် လေ့လာခဲ့ရာမှ လုပ်ငန်း ကျွမ်းကျင်ပညာ ရှင်များကိုလည်း အကြံပေးကူညီ သွားမည်ဆိုသည့် သဘေတူညီချက်ကို ရရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံအတွင်း ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းမှစ၍ အထူး စိတ်ဝင်တစားလာ ရောက်ခဲ့ကြပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် များပြားလာကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကာလနှင့် ယဉ်ကျေးမှု အနုပညာများ၊ ရိုးရာ ဓလေ့ထုံးစံများ၊ သဘာဝရှုခင်းများနှင့် လက်မှုပညာ ရပ်များကို လေ့လာ သိရှိလိုကြ၍ ခရီးသွားများ အနေဖြင့် တစ်ဦးချင်းသော် လည်းကောင်း အစုအဖွဲ့ဖြင့် လည်းကောင်း၊ လေကြောင်း ခရီးများဖြင့် လည်းကောင်း၊ လာရောက်နေကြသကဲ့သို့ မော်တော်ယာဉ်တန်း ဆိုင်ကယ် ယာဉ်တန်း၊ စက်ဘီး ယာဉ်တန်းတို့ဖြင့်လည်း စဉ်ဆက်မပြတ် ဝင်ရောက်လျက် ရှိကြောင်း၊ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုမှာ ၂ဝ၁၅ ခုနှစ်တွင် ငါးသန်းကျော် ဝင်ရောက်ရန် ခန့်မှန်းထားခဲ့သော်လည်း ၄ .၇ သန်းသာ ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ခုနစ်သန်း ဝင်ရောက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)