Europe
အမျိုးသမီးစွန့်ဦးတီထွင်သူ ၄ဦးအား ဥရောပသမဂ္ဂဆု ချီးမြှင့်
ဘရပ်ဆဲလ်၊ မတ် ၉ ရက် (ဆင်ဟွာ)
အမျိုးသမီးစွန့်ဦးတီထွင်သူများအား ပေးအပ်သည့် ၂၀၁၇ခုနှစ် ဥရောပသမဂ္ဂ(EU)ဆုအား မတ်လ ၈ ရက်တွင် ထူးချွန်အမျိုးသမီးလုပ်ငန်းရှင် ၄ဦးအား ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆုရရှိသူ ၄ဦးအနက် ၃ဦးမှာ ဗြိတိန်ဒီဇိုင်းဖန်တီးရေးလုပ်ငန်းဖြစ်သည့် Stromatoliteအား တည်ထောင်သူ Michela Magas၊ အိတ်ဆောင် ရေသန့်စက်နှင့် ရေပူစက်ထုတ်လုပ်သောလုပ်ငန်းဖြစ်သည့် Solvatten အား တည်ထောင်သူ Petra Wadstrom၊ ဓါတ်ခွဲခန်းသုံးစနစ်များအားစုစည်းထားသည့် lab-on-a-chip စနစ် ထုတ်လုပ်သည့် ChipShop အားတည်ထောင်သူ Claudia Gartner တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆုအား ဥရောပသမဂ္ဂ၏ Horizon 2020 စီမံကိန်း က ရန်ပုံငွေထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
ဥရောပကော်မရှင်၏ ပြောကြားချက်အရ အသက်၃၀နှစ် နှင့်အောက် အကောင်းဆုံး အမျိုးသမီးလုပ်ငန်းရှင်များအတွက် စွန့်ဦးတီထွင်သူများမြှင့်တင်ရေးဆု အား ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆု၏ ပထမဆုအား မျက်မမြင်များအတွက် ပထမဆုံး တက်ဘလက်ခ်ထုတ်လုပ်သည့် BLITAB Technology လုပ်ငန်း၏ တွဲဖက်တည်ထောင်သူ Kristina Tsvetanova က ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသမီးစွန့်ဦးတီထွင်သူများအတွက် ဥရောပသမဂ္ဂဆုအား ၂၀၁၁ခုနှစ်တွင် စတင်ပေးအပ်ခဲ့ပြီး ဆုပေးအပ်ရခြင်း၏ ရည်ရွယ်ချက်မှာ တီထွင်ဆန်းသစ်မှု နှင့် အမျိုးသမီးလုပ်ငန်းရှင်များ ပိုမိုလိုအပ်နေကြောင်း အများပြည်သူများက သတိပြုမိစေရန် ဖြစ်သည်။ (Xinhua)