Connect with us

Media

၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲများကျင်းပရန် အိုလံပစ်မီးရှူးတိုင်အား မီးထွန်းညှိလက်ဆင့်ကမ်း

အေသင်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲများကျင်းပမည့် အိုလံပစ်မီးရှူးတိုင်ထွန်းညှိခြင်းစတင်ရန် ဂရိနိုင်ငံ ရှိ ရှေးခေတ်အိုလံပီယာဒေသ၌ ပြီးခဲ့သည့်တနင်္လာနေ့က  ရိုးရာမီးထွန်းညှိပွဲတော်ကျင်းပခဲ့သည်။  နှစ်ပေါင်းသက်တမ်း ၂၅၀၀ နီးပါးရှိ ရှေးဟောင်း ဂရိဒဏ္ဍာရီလာ နတ်ဘုရားမ ဟယ်ရာ၏  ဘုရားကျောင်းရှေ့တွင်  ရှေးခေတ်ဂရိ နတ်ဘုရားမ၏ ပုံသဏ္ဍာန်ဖြင့် သရုပ်ဆောင်သူ တစ်ဦးက နေရောင်၏ အလင်းနှင့် ရောင်ခြည်တန်းတို့ ဆုံချက်ဖြင့် မီးတိုင်ကိုထွန်းညှိခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဂရိနိုင်ငံ သမ္မတ Katerina Sakellaropoulou ၊ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌဖြစ်သူ Thomas Bach ၊ အထူးကိုယ်စားလှယ်နှင့် ၂၀၂၂ ပေကျင်းအိုလံပစ်ကျင်းပရေးဒုတိယဥက္ကဋ္ဌ

Yu Zaiqing  တို့ အပါအဝင် အခြားဂုဏ်သရေရှိဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌဖြစ်သူ Thomas Bach က  “အိုလံပစ်အားကစားပွဲတွေဟာ ကျွန်တော်တို့ကမ္ဘာကြီးပေါ်က စိန်ခေါ်မှုတွေအားလုံးကိုတော့ ဖြေရှင်းနိုင်လိမ့်မှာမဟုတ်ပါဘူး၊ ဒါပေမဲ့ လူတိုင်း တူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ့်အပြင် တစ်ယောက်နဲ့တစ်ယောက် ရိုသေမှုရှိရမယ်ဆိုတာကို ကမ္ဘာကြီးအတွက်  ဒီအိုလံပစ်အားကစားပြိုင်ပွဲတွေကတစ်ဆင့် နမူနာတစ်ရပ် ဖော်ဆောင်ခြင်းဖြစ်ပါတယ်။ ဒီအားကစားပြိုင်ပွဲတွေကနေ ကျွန်တော်တို့ ရင်းနှီးချစ်ခင်စွာ၊ စည်းလုံးညီညွတ်စွာနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ခွန်အား ဖြစ်စေပါတယ်။ အဲဒီအားကစားပြိုင်ပွဲတွေက ပြည်သူများအချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် နားလည်မှု ပိုမို ကောင်းမွန်စေတဲ့ ပေါင်းကူးတံတားတွေ ဖန်တီးပေးတာဖြစ်ပါတယ်။ ဒါဟာ ဒီ အိုလံပစ်မီးရှူးတိုင်ကနေ ကျွန်တော်တို့ရဲ့ မိရိုးဖလာမူလဇာစ်မြစ်ဖြစ်တဲ့ ဒီရှေးဟောင်းအိုလံပီယာဒေသမှ ပေကျင်းမြို့သို့ ထိုမှတစ်ဆင့် တစ်ကမ္ဘာလုံးထံ ထာဝရ ပို့ဆောင်တဲ့ အမှာစကားဖြစ်ပါတယ်” ဟု ဆိုသည်။

၂၀၂၂ ပေကျင်းအိုလံပစ်ကျင်းပရေး ဒုတိယဥက္ကဌ Yu Zaiqing   က “အိုလံပစ်မီးရှူးတိုင်ဟာ မြင့်မြတ်တဲ့ အိုလံပစ်စိတ်ဓါတ်ရဲ့ အမှတ်သင်္ကေတ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက  အထွဋ်အမြတ်ထားရာ အိုလံပစ်မီးရှူးတိုင်ဟာ စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု၊ ငြိမ်းချမ်းမှုနှင့် တရားမျှတမှု ရဲ့အလင်းရောင်ဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးကို တောက်ပစေခဲ့ပါတယ်။ အိုလံပစ်မီးရှူးတိုင်ဟာ လူသားမျိုးနွယ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂုဏ်ယူဖွယ်သမိုင်းကြောင်းသက်သေလည်းဖြစ်ပါတယ်” ဟု ဆိုသည်။

ပွဲကြည့်စင်တောင်စောင်းထက်၌ ရှေးဟောင်းဂရိရုပ်တုများ အကကို ကပြဖျော်ဖြေတင်ဆက်ခဲ့သည့် အနုပညာရှင် ၃၈ ဦး၏ အကဖျော်ဖြေတင်ဆက်မှုအပြီးတွင် နတ်ဘုရားမ အဖြစ် သရုပ်ဆောင်သူက သံလွင်ခက်ကို ကိုင်ဆောင်ထားကာ ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲများ၏ ပထမဆုံး မီးရှူးတိုင်ကိုထွန်းညှိပြီး ဂရိလူမျိုး စကိတ်စီးချန်ပီယံ Ioannis Antoniou ထံသို့ ပထမဆုံးမီးတောက်ကို လက်ဆင့်ကမ်းထွန်းညှိခဲ့သည်။

၁၉၉၈ ခုနှစ်၊ ၂၀၀၂ ခုနှစ် နှင့် ၂၀၀၆ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲများတွင် လမ်းကြောင်းတို အမြန်စကိတ်စီးပြိုင်ပွဲများတွင် ဆုတံဆိပ် ၅ ခု တိတိဆွတ်ခူးရရှိထားခဲ့သည့် တရုတ်လူမျိုး ပထမဆုံး မီးတုတ်ကိုင်ဆောင်သူ Li Jiajun က မီးတောက်ကို Ioannis Antoniouထံမှ လွှဲပြောင်းလက်ခံယူခဲ့သည်။

၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲများအတွက် အိုလံပစ်မီးရှူးတိုင်ကို တရုတ်နိုင်ငံမှ ပွဲကျင်းပသူများထံ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို အေသင်မြို့ရှိ Panathenaic အားကစားခန်းမ၌ အောက်တိုဘာ ၁၉ ရက်က ကျင်းပခဲ့သည်။

၁၈၉၆ ခုနှစ်က ခေတ်သစ်အိုလံပစ်အားကစားပြိုင်ပွဲများကို ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် စကျင်ကျောက်ခန်းမထက်၌ ဂရိ အိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် နိုင်ငံတကာ အိုလံပစ်ကော်မတီအဖွဲ့ဝင် Spyros Capralos က အထွဋ်အမြတ်မီးတိုင်ကို အထူးကိုယ်စားလှယ်နှင့် ၂၀၂၂ ပေကျင်းအိုလံပစ်ကျင်းပရေး ဒုတိယဥက္ကဌ Yu Zaiqing  ထံကိုလွှဲပြောင်းပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက်မှ ၂၀ ရက်အထိကျင်းပမည့် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ နှင့် ထပ်မံကျင်းပမည့် မသန်စွမ်းအားကစားပြိုင်ပွဲများအတွက် ဆုမွန်ကောင်းများတောင်းပြီးနောက် အားကစားခန်းမမှ ထွက်ခွာခဲ့သည်။

အခမ်းအနားအပြီးတွင် အိုလံပစ်မီးရှူးတိုင်အား နွေရာသီနှင့် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ နှစ်မျိုးစလုံးကို ကျင်းပခွင့်ရခဲ့သည့် ပထမဆုံးမြို့ဖြစ်သော ပေကျင်းမြို့၌ ထွန်းညှိရန် အေသင်လေဆိပ်သို့ ပို့ဆောင်ခဲ့သည်။

၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ အမျိုးသားအိုလံပစ်ကော်မတီပေါင်း ၈၅ ခုခန့်မှ အားကစားသမားပေါင်း ၂,၉၀၀ ကျော်က ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်းသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117