Connect with us

Media

မြနန်းစံကျော်ရွှေနန်းတော်တွင် အများပြည်သူ ကြည့်ရှုနိုင်ရန် ဘုရင့်အသုံးအဆောင်ပစ္စည်းများကို ပြန်လည်ခင်းကျင်းပြသနိုင်ရေးဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်တွင် အများပြည်သူများကြည့်ရှုနိုင်ရန် ဘုရင့်အသုံးအဆောင်ပစ္စည်းများကို ပြန်လည်ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁ ရက်တွင်ပြောသည်။ ထိုသို့ ပြသနိုင်ရန်အတွက် ဘုန်းတော်ကြီးကျောင်းများနှင့် ပုဂ္ဂလိကများမှ ဘုရင့်အသုံးအဆောင်ပစ္စည်းများအား သက်ဆိုင်ရာအထောက်အထားနှင့်တကွ လာရောက်လှူဒါန်းနိုင်ပါကြောင်းနှင့် လှူဒါန်းပစ္စည်းများအနက် ရှားပါးတန်ဖိုးကြီးမားသောပစ္စည်းဟု သတ်မှတ်နိုင်မည့် ရွေးချယ်စိစစ်ပြီးပစ္စည်းများအတွက် ဂုဏ်ပြု မှတ်တမ်းနှင့်တကွ ချီးမြှင့်ငွေပေးအပ်မည်ဖြစ်ပါကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန အောက်တိုဘာ ၃၁ ရက်က အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က “မင်းခန်းတော်ဝင်ပစ္စည်းကတော့ ကျွန်တော်တို့ဌာနမှာ ရှိတယ်။

ပြခန်းပြပွဲလုပ်တဲ့နေရာမှာလည်း ရှိသလို အမျိုးသားပြတိုက်တွေမှာလည်းရှိတယ်။ အပ်နှံခဲ့ရင်တော့ ပိုပြီးများပြားပြီး ပြခင်းပြကွက်စုံသွားတာပေါ့။ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ ရှေးဟောင်းရုပ်ဝတ္ထုပစ္စည်းတွေကို ဥပဒေပြဌာန်းပြီး ထိန်းသိမ်းနေတယ်။ အပ်နှံတယ်ဆိုတဲ့အခါမှာလည်း လက်ခံပေးပါတယ်” ဟုပြောသည်။ ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် မင်းခန်းတော်ဝင်ပစ္စည်းများကို ပြသခြင်းများရှိပြီး၊ ပြပွဲများ သီးသန့်ဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းများလည်းရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

“ပြတိုက်တစ်ခုမှာ ခင်းကျင်းပြသတဲ့ ပုံစံက တသမတ်တည်းတော့မရှိဘူး။ အထိမ်းအမှတ်နေ့တို့ အများပြည်သူရုံးပိတ်ရက်တို့မှာ ခင်းကျင်းမှုပုံစံက ပြောင်းလဲနေတာတွေရှိပါတယ်။ အခုစီစဉ်ဆောင်ရွက်နေတဲ့ အပိုင်းကတော့ လာရောက်အပ်နှံတဲ့ ပစ္စည်းတွေကို အများပြည်သူလာရောက်ကြည့်ရှုနိုင်အောင် ပြသပေးသွားမယ်ဆိုတဲ့ ပုံစံပေါ့။ ဌာနအနေနဲ့ကတော့ စုဆောင်းတာပေါ့” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ခေတ်အဆက်ဆက်က မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာခဲ့သည့် ဘုရင့်အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းအပ်နှံသည့်အခါ ဝန်ကြီးဌာနအနေဖြင့် ဆုချီးမြှင့်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။“မြနန်းစံကျော်မှာ ပြတိုက်ပညာတွေက အများပြည်သူစိတ်ဝင်စားအောင် ပြကွင်းပြကွက်တွေကို အမြဲပြသလျက်ရှိပါတယ်။ မြန်မာနိုင်ငံက ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းတယ်။ တနေရာတည်းမှာ စုစုစည်းစည်းနဲ့ ပြသထားတယ်။

နိုင်ငံတော်က ထိန်းသိမ်းထားတာဖြစ်တဲ့အတွက် အဆက်ဆက်သော နိုင်ငံသူ၊ နိုင်ငံသားတွေက ခေတ်အလိုက်ကို လေ့လာနိုင်တယ်။ တန်ဖိုးထားနိုင်တယ်။ လှူဒါန်းသူတွေအနေနဲ့လည်း ဂုဏ်ယူစရာတစ်ခုပေါ့။ ပစ္စည်းတစ်ခုမှာ သမိုင်းကြောင်းလေးတွေ ရှိရင်လည်း ပြတိုက်ပညာနဲ့ စာတန်းထိုးပေးတယ်ပေါ့” ဟု ဦးအာကာကျော်က ရှင်းပြသည်။ ရှေးဟောင်းပစ္စည်းမှာ လက်ရာတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ အနုပညာတန်ဖိုးရှိကြောင်း သိရသည်။ “အဲဒီလို တန်ဖိုးတွေကို တွက်ချက်ပြီးတော့မှ ဆုချီးမြှင့်မှာပေါ့။ တွက်ချက်တဲ့အခါ စိစစ်ရေးအဖွဲ့ရှိတယ်။ ရွှေထည်ဆိုရင်လည်း လက်ရှိရွှေပေါက်ဈေး၊ ငွေထည်ဆိုရင်လည်း လက်ရှိငွေပေါက်ဈေးပေါ့။ အဲဒါကိုစိစစ်ပြီး လက်ခံပြီး ချီးမြှင့်သွားမှာပေါ့။ ရှေးဟောင်းပစ္စည်းတွေမှာ ခေတ်တန်ဖိုးက ရှိပြီးသားပါ။ အဲဒီမှာ သူ့ကိုပြုလုပ်ထားတဲ့ သတ္တု၊ သစ်သား၊ ရွှေ၊ ငွေတွေပေါ်မူတည်ပြီး တန်ဖိုးအားဖြင့် အနိမ့်အမြင့် ကွဲပြားသွားမှာပေါ့” ဟု ၎င်းကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.