Connect with us

Myanmar

၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အားကစားသမား ၄၀၀ ကျော်စေလွှတ်မည်

၃၂ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်း ပြိုင်ပွဲအသွင် စံချိန်ဆန်းစစ်ပြိုင်ပွဲ ကို ၂၀၂၃ ခုနှစ်၊ မတ် ၃၀ ရက်က နေပြည်တော်၌ ကျင်းပခဲ့စဉ် (ဓာတ်ပုံ-- အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမှ အားကစားသမား ၄၀၀ ကျော် စေလွှတ်မည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆင်ဟွာသို့ ယနေ့ ဧပြီ ၁ ရက်တွင်ပြောသည်။

၃၂ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်း ပြိုင်ပွဲအသွင် စံချိန်ဆန်းစစ်ပြိုင်ပွဲ ကို ၂၀၂၃ ခုနှစ်၊ မတ် ၃၀ ရက်က နေပြည်တော်၌ ကျင်းပခဲ့စဉ် (ဓာတ်ပုံ- အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)

၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ– အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)

ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၁၉ မျိုးယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းအားကစားနည်းများမှ နည်းပြနှင့် အားကစားသမားပေါင်း ၄၆၀ ကျော် စေလွှတ်မည်ဖြစ်ကြောင်း ဦးဌေးအောင်ကဆိုသည်။
လာမည့် ဆီးဂိမ်းတွင် မြန်မာအားကစားသမားများ ယှဉ်ပြိုင်မည့် အားကစားနည်း ၁၉ မျိုးမှာ ဗိုဗီနမ်၊ပိုက်ကျော်ခြင်း၊ ဘိလိယက်၊စနူကာ၊ရိုးရာလှေ၊ ပီတန်း၊ ဂျူဒို၊ Kun Khmer (ရိုးရာလက်ဝှေ့)၊ စစ်တုရင်၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ကြက်တောင်၊ E-Sports၊ ဘောလုံး (ကျား/မ) ၊ ဘော်လီဘော (ကျား/မ)၊ အလေးမ၊ ခရစ်ကတ်၊ တင်းနစ် စသည့်အားကစားနည်းများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ဘော်လီဘော၊ ဝူရှူး၊ ပြေးခုန်ပစ်နှင့် လက်ဝှေ့ အားကစားသမားများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း ဦးဌေးအောင်က ပြောသည်။ အဆိုပါ အားကစားသမားများသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး လက်ရှိ၌ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
လာမည့်ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားသမားအားလုံးတွင် အားကစားသမား ၃၀၀ ကျော်မှာ နေပြည်တော်၌ လေ့ကျင့်လျက်ရှိပြီး အားကစားသမား ၁၀၀ ကျော်မှာ ရန်ကုန်တွင် လေ့ကျင့်လျက်ရှိကြောင်း ၎င်းကဆိုသည်။
၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းတွင် အားကစားနည်း ၁၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုကိုးခု၊ ငွေတံဆိပ်ဆု ၁၈ ခုနှင့် ကြေးတံဆိပ်ဆု ၃၅ ခု အသီးသီးရရှိခဲ့ကြောင်း သိရသည်။
၃၂ ကြိမ်မြောက် ဆီးဂိမ်းကို ၂၀၂၃ ခုနှစ် မေလတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ (Xinhua)