Connect with us

Media

ရွှေတိဂုံစေတီတော် ဖူးမြော်ချိန် အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စ၍ အချိန်တိုးမြှင့်ဖွင့်လှစ်သွားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ဖူးမြော်ချိန် ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စ၍ နံနက် ၅ နာရီမှ ည ၉ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်၊ လုပ်ငန်း တာဝန်ခံ ဦးဘိုးသင်းက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၉ ရက်တွင် ပြောသည်။

ဦးဘိုးသင်းက “အခုလို ဖူးမြော်ခွင့်ကို တိုးမြှင့်ခွင့်ပြုရတာကတော့ အခုချိန်မှာက ရာသီဥတုကလည်း ကောင်းလာပြီဆိုတော့ ဘုရားဖူးပြည်သူတွေ အဆင်ပြေဖို့ အတွက် ဆောင်ရွက်တာဖြစ်ပါတယ်။ အပူချိန်သက်သာတဲ့ ညပိုင်းကို ဘုရားဖူးချင်တဲ့ ဘုရားဖူး ပရိသတ်တွေ အတွက်တော့ အဆင်ပြေသွားတာပေါ့” ဟု ပြောသည်။

ရွှေတိဂုံစေတီတော်ကို ကြားရက်များတွင် ဘုရားဖူးဧည့်သည် ပျမ်းမျှအားဖြင့် ၁၀,၀၀၀ ကျော်နေ့စဉ် ဝင်ရောက်ပြီး၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များတွင် ၄၀,၀၀၀ မှ ၅၀,၀၀၀ ကြားဝင်ရောက်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ဦးဘိုးသင်းက “နိုင်ငံခြားသား ခရီးသွားဧည့်သည်ကတော့ တစ်နေ့ကို ၁၅၀ ကနေ ၂၀၀ ကြားလာရောက်ဖူးမြော်ကြတာတွေ့ရပါတယ်” ဟုပြောသည်။

ရွှေတိဂုံစေတီတော် ဖူးမြော်ခွင့်အား ကိုဗစ်ကာလများတွင် ယာယီပိတ်ထားခဲ့ရာမှ၂၀၂၁ခုနှစ် နိုဝင်ဘာလကစပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များနှင့် နေ့ကြီးရက်ကြီးများတွင် နံနက် ၅နာရီမှ ည ၇နာရီအထိ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီး၊ ၂၀၂၂ခုနှစ် မတ်လကစပြီး နံနက် ၅ နာရီမှ ည ၈ နာရီအချိန်အထိ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

“ရွှေတိဂုံစေတီတော်ကို ဘုရားဖူးလာတဲ့သူတွေက မနက်အစော အာရုံဆွမ်းကပ်တာတို့၊ ညဘက်မှာဆိုရင်လည်း နေ့စဉ် ဆီမီးပူဇော်တာတွေရှိတဲ့အတွက် အချိန်တိုးမြှင့်လိုက်တော့ ပူဇော်ဖူးမြော်ဖို့ ပိုအဆင်ပြေမှာဖြစ်ပါတယ်” ဟု ဦးဘိုးသင်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117