Connect with us

Media

လေပွေလှိုင်း အရှိန်ကြောင့် လာမည့် ၃ ရက် အတွင်း မိုးဆက်ရွာမည်ဟု မိုး/ဇလမှ အထူးမိုးလေဝသ သတင်းထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် အနောက်မြောက်ပိုင်းဒေသများတွင် ဖြစ်ပေါ်ခဲ့သော လေပွေလှိုင်းသည် ဆက်လက်တည်ရှိနေပြီး ၎င်းအရှိန်ကြောင့် တိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့နေရာဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက အထူးမိုးလေဝသ သတင်း အဖြစ် စက်တင်ဘာ ၁၂ရက် နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။ ယင်း လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက် ရွေ့လျားနိုင်ပြီး၊ နောက်(၃၆)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့ကို ရောက်ရှိနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းသည် စက်တင်ဘာ ၁၀ ရက်က စိုးရိမ်ဖွယ်ရေမှတ်ကို ကျော်လွန်သွားကာ မြို့အတွင်းသို့ ချောင်းရေလျှံကျမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းမီဒီယာဖော်ပြချက်အရ သိရသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ မှာ လုံးဝရေနစ်မြုပ်သွားပြီဖြစ်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် အဓိကပို့ဆောင်သွားလာရေးများအပေါ်လည်း ထိခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆင်ဟွာကို ပြောခဲ့သည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ရှမ်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ချင်း၊ ကရင်နှင့် ရခိုင် အပါအဝင် မြန်မာနိုင်ငံရှိ ဒေသအများအပြား၌ အားကောင်းသော မုတ်သုံအခြေအနေနှင့် ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)