Connect with us

Videos

ပါကစ္စတန်-တရုတ် ငရုပ်နီစီမံကိန်းက ပါကစ္စတန်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအား မြင့်တင်ရန် အထောက်အကူဖြစ်စေ

အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ)

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC) မူဘောင်အောက်တွင် စတင်လုပ်ဆောင်ခဲ့သည့် ငရုပ်နီ စိုက်ပျိုးရေး စီမံကိန်းက ပါကစ္စတန်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအား အထောက်အကူ ဖြစ်စေမည်ဟု ဒေသခံ စိုက်ပျိုးရေး သမားများနှင့် ကျွမ်းကျင်ပညာရှင်များက ယုံကြည်ကြသည်။စိုက်ပျိုးရေးကဏ္ဍတွင် CPEC ၏ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် China Machinery Engineering Corporation နှင့် Sichuan Litong Food Group တို့က ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ငရုပ်နီ ကန်ထရိုက် စိုက်ပျိုးရေးစီမံကိန်းအား လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စီမံကိန်း၏ စံပြစိုက်ခင်း ၆ ခုအနက် တစ်ခုမှာ ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း Multan မြို့၌ တည်ရှိကြောင်း သိရသည်။ငရုပ်နီကန်ထရိုက်စိုက်ပျိုးရေးစီမံကိန်း နည်းပညာရှင် ZHAO JIANHUA က “ကျွန်တော်တို့အနေနဲ့ ရောနှောထားတဲ့ တရုတ်နဲ့ပါကစ္စတန် ငရုပ်မျိုးစုံ နဲ့ ပျိုးထောင်တာကို အထူးဂရုပြုထားပါတယ် ။ ဒီနှစ်မှာ လက်ရှိ ငရုပ်မျိုးကွဲတွေထက် ပိုပြီးတော့ အနံ့အရသာစူးတဲ့ ငရုပ်အသေး အမျိုးပေါင်း ၁၇ မျိုးကို ရွေးချယ်ထားပါတယ် ။ ငရုပ်အသေးစိုက်ဧရိယာကလဲ ဒီနှစ်မှာ ပိုပြီးတော့ တိုးချဲ့ထားပါတယ်။”ဟု ပြောကြားခဲ့သည်။

ကုမ္ပဏီသည် စီမံကိန်းတွင် တရုတ်ငရုပ်မျိုး ကန်ထရိုက်စိုက်ပျိုးရေးအတွက် ဒေသခံများနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ပြီး ငရုပ်ဆွတ်ခူးပြီးနောက် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရန် နှင့် ပါကစ္စတန်နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။

“ကျွန်တော်တို့တွေက စိုက်ပျိုးရေးနည်းပညာသစ်တွေ ယူလာခဲ့ပြီးတော့ ပါကစ္စတန်ဝန်ထမ်းတွေကို နည်းပညာပိုင်း နဲ့ စိုက်ပျိုးရေး စီမံခန့်ခွဲမှုဆိုင်ရာတွေ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ အဲဒီအပြင် စီမံကိန်းက ပါကစ္စတန်နိုင်ငံအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနေပါတယ်။ ဘာကြောင့်လဲဆိုရင် ငရုပ်စိုက်ပျိုးရေးက လူလုပ်အားများများလိုတဲ့ လုပ်ငန်း ဖြစ်ပြီးတော့ ပါကစ္စတန်စိုက်ပျိုးရေးသမားတွေအတွက် ဝင်ငွေ ရရှိစေနိုင်ပါတယ်”ဟု ငရုပ်နီကန်ထရိုက်စိုက်ပျိုးရေးစီမံကိန်း နည်းပညာရှင် ZHAO JIANHUA က ပြောကြားခဲ့သည်။

ကုမ္ပဏီ၏ အမှုဆောင်မန်နေဂျာ Muhammad Adnan က တရုတ်ငရုပ်ပင်များ စိုက်ပျိုးရာတွင် အထွက်နှုန်း ပိုမိုကောင်းမွန်ပြီး ရောဂါပိုးမွှားများကို ခံနိုင်ရည် ကောင်းမွန်သည့်အတွက်ကြောင့် ဒေသခံစိုက်ပျိုးရေးသမားများ၏ စိတ်ဝင်စားမှု များပြားလာခဲ့ကြောင်း ပြောကြားခဲ့သည်။

ငရုပ်နီကန်ထရိုက်စိုက်ပျိုးရေးကုမ္ပဏီ၏ အမှုဆောင်မန်နေဂျာ Muhammad Adnan က “စတင်စိုက်ပျိုးတဲ့အချိန်ကနေ ငရုပ်သီး အခြောက်ခံတဲ့အထိ နည်းပညာဗဟုသုတတွေအားလုံးကို ထောက်ပံ့ပေးထားပါတယ်။ စိုက်ပျိုးရေးသမားတွေဆီကနေ အလွန်ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့ပါတယ်။ စိုက်ခင်းထဲက အပင်တွေမှာ ငရုပ်သီးတွေကို သူတို့ မြင်တွေ့တဲ့အချိန်မှာ ငရုပ်သီးတွေက အလွန့်အလွန် ကြီးမားပြီးတော့ အရောင်ကလဲ အနီရောင်တောက်ပနေတဲ့အတွက် သူတို့ အလွန်ပျော်ကြပါတယ်။ ပြီးတော့ ဒါတွေက ပါကစ္စတန်နိုင်ငံမှာ အများအားဖြင့် ပေါက်ရောက်လေ့မရှိပါဘူး”ဟု ပြောကြားခဲ့သည်။

သီးနှံ၏ တန်ဖိုးမြှင့်ဝန်ဆောင်မှုများအတွက် အခြေခံ နှင့် အတွင်းကျကျ ဆောင်ရွက်သည့် ယူနစ်များကိုလည်း ပါကစ္စတန်နိုင်ငံ၌ ထူထောင်သွားမည် ဖြစ်ပြီး မကြာမီကာလအတွင်း ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေမည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.