Connect with us

Videos

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၇ မျိုးဖြင့် ယှဉ်ပြိုင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ခုနစ်မျိုး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာအားကစားကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဦးခွန်ဂျာအောင်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။“ကျွန်တော်တို့ အားကစားအဖွဲ့တွေဟာ စက်တင်ဘာ ၁၆ ရက်ကစပြီး ဟန်ကျိုးအားကစားပြိုင်ပွဲအတွက် အဖွဲ့တစ်ဖွဲ့ချင်းဆီ သွားကြမှာပါ” ဟု အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ဆင်ဟွာသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင်ကျင်းပမည့် အဆိုပါ အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား စုစုပေါင်း ၁၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နည်းပြများနှင့် အသင်းမန်နေဂျာများအပါအဝင် စုစုပေါင်းလူဦးရေ ၁၇၈ ဦး တရုတ်နိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

အာရှအားကစားပြိုင်ပွဲအတွက် မြန်မာအားကစားအဖွဲ့ ခုနစ်ဖွဲ့အနက် ၃ ဖွဲ့ဖြစ်သည့် ဘောလုံးအားကစားအဖွဲ့၊ နဂါးလှေအားကစားအဖွဲ့နှင့် ဝူရှူးအားကစားအဖွဲ့တို့သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ငွေကြေးကူညီပံ့ပိုးမှုများ ရရှိခဲ့ကြောင်းလည်း ဦးခွန်ဂျာအောင်၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဘောလုံး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ရိုးရာလှေ၊ e-sports ၊ မြားပစ်နှင့် ပိုက်ကျော်ခြင်း အစရှိသည့် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အစိုးရအနေဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိသည့် အားကစားသမားများကို ထိုက်တန်သည့် ဆုကြေးများချီးမြှင့်လျက်ရှိကြောင်း ဦးခွန်ဂျာအောင်၏ ပြောကြားချက်အရ သိရသည်။
“အာရှအားကစားပြိုင်ပွဲက အာရှတိုက်မှာအကြီးဆုံး အားကစားပွဲဖြစ်သလို ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံတွေအနေနဲ့ ဒီပြိုင်ပွဲအတွင်းမှာ ယဉ်ကျေးမှုတွေကို အပြန်အလှန် ဖလှယ်နိုင်မှာပါ” ဟု ဦးခွန်ဂျာအောင်ကပြောသည်။

၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ပေကျင်းအားကစားတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့သော ဦးခွန်ဂျာအောင်က ယခု တရုတ်နိုင်ငံခရီးစဉ်မှာ COVID-19 ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးပြန်လည်သွားရောက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဟန်ကျိုးက အရမ်းကိုလှပတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ နောက်ပြီးတော့ ဟန်ကျိုးမှာရှိတဲ့ ရှီးဟူရေကန်ကလည်း နာမည်ကြီးပြီး ထင်ရှားတဲ့ ရေကန်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဝူရှူးအားကစားအဖွဲ့ကလည်း ဟန်ကျိုးမှာ ပူးတွဲလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်” ဟု ဦးခွန်ဂျာအောင်က ယခင် ၎င်းဟန်ကျိုးသို့ရောက်ရှိခဲ့သည့် ခရီးစဉ်ကို အမှတ်ရကာ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာအားကစားသမားများအား တရုတ်နိုင်ငံမှ ပံ့ပိုးကူညီသည့် နှစ်စဉ် ပူးတွဲလေ့ကျင့်ရေးအစီအစဉ်များမှာ လွန်စွာ အကျိုးသက်ရောက်မှုရှိကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

သီးခြားလေ့ကျင့်လျက်ရှိသည့် ဘောလုံးနှင့် Esports အားကစားအဖွဲ့များမှလွဲ၍ ကျန်အားကစားအဖွဲ့ငါးဖွဲ့သည် ဆီးဂိမ်းကျင်းပပြီးကတည်းက စခန်းသွင်းလေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သက်၍ ဦးခွန်ဂျာအောင်၏ ပြောကြားချက်အရ သိရသည်။

“ဒီနှစ် အာရှအားကစားပြိုင်ပွဲမှာ ပိုက်ကျော်ခြင်း၊ ဝူရှူးနဲ့ ရိုးရာလှေပြိုင်ပွဲတွေကနေ ဆုတံဆိပ်တွေရမယ်လို့ မျှော်လင့်ထားပါတယ်။ ၂၀၁၈ ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ဝူရှူးနဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲကနေ ဆုတံဆိပ်နှစ်ခု ရရှိခဲ့ပါတယ်” ဟု ဦးခွန်ဂျာအောင်ကပြောသည်။တရုတ်နိုင်ငံအနေဖြင့် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲကို အောင်မြင်စွာ လက်ခံကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့ အကြီးအကဲက ထုတ်ဖော်ပြောကြားခဲ့သည်။အဆိုပါ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)