Connect with us

Business

စက်မှုလက်မှုကိုအခြေခံပြီး စီးပွားရေးရပ်တည်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆို

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဇုန်များ(ရန်ကုန်)မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စီးပွားရေးသည် စက်မှုလက်မှုကို အခြေခံပြီး ရပ်တည်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကုန်သည်စက်မှု အသင်းချုပ်၌ ယနေ့ ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဇုန်များ(ရန်ကုန်)မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သော အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဘဏ်စနစ်များ ကောင်းမွန်ရန် လိုအပ်ကြောင်း ၊ စက်မှုဇုန်များ၏ စီမံခန့်ခွဲရေးပိုင်းနှင့် စည်းကမ်းပိုင်းများ တိုးတက်အောင် အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဇုန်များ(ရန်ကုန်)မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ မြင်ကွင်း (ဆင်ဟွာ)

ယခု အစိုးရသစ်လက်ထက်တွင် စက်မှုဇုန်များ အနေဖြင့် ယခင်အတိတ်ဖြစ်စဉ်များကို ထားခဲ့၍ စက်မှုဇုန်များမှ ကုန်ထုတ်လုပ်နိုင်စွမ်းအား တိုးတက်အောင် ကြိုးပမ်းသင့်ကြောင်း၊ တိုင်းပြည်၏ အလုပ်အကိုင် အခွင့်အလမ်းများကို ဝိုင်းဝန်း ပံ့ပိုး ကူညီကြစေလိုကြောင်း ၎င်းက ပြောသည်။

သယံဇာတ များကိုသာ မှီခိုမနေဘဲ ပြည်သူများ၏ စွမ်းဆောင်ရည်ကိုသာ မြှင့်တင်ပေးရမည် ဖြစ်ကြောင်း၊ စာရွက်ပေါ်မှာသာ စီမံချက်များရှိသည် မပာုတ်ဘဲ လက်တွေ့ဖြစ်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စက်မှုဇုန်များ၏ အခက်အခဲကြောင့် ကုန်ထုတ်လုပ်စွမ်းအားများ ကျဆင်းနေခြင်းများ ရှိနေသည့် အတွက် ပထမဆုံးအကြိမ် ကုန်သည်စက်မှု အသင်းချုပ်သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စက်မှုဇုန်ကိုယ်စားလှယ်များမှ စက်မှုဇုန်များတွင် လက်ရှိ ဖြစ်ပေါ်လျက်ရှိသော အခက်အခဲများ တင်ပြကြရာတွင် လျှပ်စစ်မီးရရှိမှုအခက်အခဲများ၊ ကျူးကျော်တဲ ပြဿနာများ၊ ရေရရှိမှု၊ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများနှင့် စက်မှုဇုန်ရှိ မြေကွက်လပ်များတွင် ဂိုဒေါင် ဌားရမ်းနေသည့်ကိစ္စ၊ စက်မှုဇုန် ဥပဒေ ပေါ်ပေါက်ရေး၊ ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
ဝန်ကြီးချုပ်မှလည်း ရန်ကုန်မြို့ပြစီမံကိန်း (Town Plan) ဆွဲရန် အစီအစဉ်များရှိပါကြောင်း၊ အနာဂတ်ရှိသည့် စက်မှုဇုန် စီမံကိန်းများရေးဆွဲရန် လိုအပ်ကြောင်း၊ လျှပ်စစ်မီး အတွက်လည်း ပြင်ဆင်ထားပြီး စက်မှုဇုန်များ၏ ကိစ္စအရပ်ရပ်အားလုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူမည်ဖြစ်ကြောင်း ပြောသည်။

ထို့ပြင်အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုးရန်လိုအပ်ကြောင်း၊ ဘဏ်စနစ်ကို ပြုပြင်ပြောင်းလဲနိုင်မှသာ အသေးစားအလတ်စား လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ငါးနှစ်အတွင်းမှာ မှတ်ကျောက်တင်ခံနိုင်ရန် လုပ်ပေးနိုင်သည်အားလုံးကို လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ SME များ အောင်မြင်သော အခြေအနေကောင်းများ ရှိနေကြောင်း ၎င်းကဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရွှေပြည်သာ၊ လှိုင်သာယာ၊ ရွှေလင်ဗန်း၊ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပေါက်ကံ၊ တောင်ဒဂုံ၊ ဝါးတစ်ရာ၊ မြောင်းတကာ၊ တောင်ဥက္ကလာပ၊ ဒဂုံအရှေ့ စသည့်စက်မှုဇုန်များမှ ဥက္ကဌများ၊ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)